Monday 12 March 2012

“လျှော့နိုင်တာလေးတွေကို လျှော့ပေးပါ”


ထိုင်းနိုင်ငံမှာ ယာယီပတ်စပို့ လုပ်ပေးတဲ့ ၂နှစ်ကျော် ၃နှစ်အတွင်း မှာ မြန်မာအလုပ်သမားပေါင်း တစ်သန်းထက် မနည်း လုပ်ပြီးဖြစ် တာကြောင့် ထိုင်းအစိုးရ၊ မြန်မာအစိုးရ နဲ့ထိုင်းပွဲစား ကုမ္ပဏီတို့  အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်ရရှိ လိုက်ကြပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ လုပ်နေဆဲ မို့လို့မြိုးမြိုးမြက်မြက် ရကြရအုံး မှာ  မြေကြီးလက်ခတ်မလွဲပါဘူး။ ဒါကြောင့်လည်း ထိုင်းနိုင်ငံ အတွင်း ယာယီပတ်စပို့ လုပ်ငန်းနဲ့ ပါတ်သက်ပြီးတော့ ကုမ္ပဏီပေါင်း ခြောက်ဆယ်ကျော်ရှိနေတာပါ။
ယာယီပတ်စပို့ ကုန်ကျငွေ ၂နိုင်ငံအစိုးရ သတ်မှတ်ထား တဲ့ ဈေးနုန်းက မြန်မာဘက်အခြမ်းကို ပတ်စပို့ စာအုပ်ခ ဘတ်ငွေ၁၀၀နဲ့ ထိုင်းနိုင်ငံအတွင်းသို့   ပြည်ဝင်ခွင့် ဗီဇာခ ဘတ်၅၀၀ ပဲဖြစ်ပါတယ်။ ဒါပေမယ့် အမှန်တကယ် လုပ်နေကြရတဲ့ ဈေးနုန်းက အနည်းဆုံး ဘတ် ၆၀၀၀ ကနေဘတ် ၉၀၀၀ လောက်ကုန်ကျနေပါတယ်။ ယာယီပတ်စပို့လုပ်ပြီးတော့
အလုပ်လုပ်ခွင့် လက်မှတ်Work Permit အတွက်က လုပ်ငန်းရှင်ကိုယ်တိုင် လုပ်ပေးရင်တောင်မှ အရပ်ရပ် ကုန်ကျ ငွေဘတ်၇၀၀၀ ကျော်ပါတယ်။ ပတ်စပို့ရောWPပါဆိုရင် ဘတ်ငွေတစ်သောင်းခွဲနဲ့ နှစ်သောင်း ၀န်းကျင် ကုန်ကျပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးသေးတာကြောင့် မြန်မာ အလုပ်သမားတွေ ထိုင်းမှာ တရားဝင် လုပ်ခွင့်ရချင်လွန်းလို့  အကုန်အကျခံနေကြရတာ ဖြစ်ပါတယ်။
လုပ်ငန်းလည်ပတ်ပုံ
စီးပွားရေးကုမ္ပဏီ ခြောက်ဆယ်ကျော်တို့  တရားဝင်မှတ်ပုံတင်ပြီးတော့ သူတို့ အောက်က သောင်းသိန်းချီတဲ့
ပွဲစား တွေနဲ့   ရပ်ကွက်တိုင်း အလုပ်ရုံတိုင်းမှာ ရုံးခန်းငယ်လေးတွေ ဖွင့်လှစ်ပြီးတော့ လုပ်ကြပါတယ်။ထိုင်း
စကားနဲ့ ထိုင်းစာကို ပေါက်ပေါက် ရောက်ရောက် ပြောနိုင်ကြတဲ့ မြန်မာနိုင်ငံသား အတော်များများတို့ ယာယီ ပတ်စပို့ ပွဲစား အလုပ် လုပ်ကြတယ်။ လုပ်ကိုင်ခွင့် (မော့အာမနမ်း) စာရွက်ကလေးယူ လိပ်စာကဒ်ကလေး လုပ်ပြီး အလုပ်သမားတွေကြားထဲကို ယာယီပတ်စပို့ လုပ်ဖို့ တိုက်တွန်းကြတယ်။ လူတွေစုဆောင်း ပြီးတော့
ကုမ္ပဏီကြီးတွေကို သွင်းကြတယ်။
လူလိမ်ပွဲစားများ
ပြီးခဲ့တဲ့ မတ်လ၂ ရက်နေ့က ဘန်ကောက်မြို့ရဘူရနနယ်မြေ၊ထိုင်းအစိုးရ အလုပ်သမားရုံးအနီး စူစ၀ါ ၄၉/၅၁ လမ်းမှာရှိတဲ့ ( JWS ) JOBS WORKER SERVICE CO,LTD  ကုမ္ပဏီက ကိုမျိုး (Myo Than Oo) ဆိုတဲ့ မြန်မာပွဲစား က ယာယီပတ်စပို့ လူသစ်တွေ လုပ်ရတော့မယ်ဆိုပြီး  မြန်မာအလုပ်သမား တစ်ရာကျော်ဆီကနေ   တစ်ယောက်ကို ဘတ်ငွေ ၆၅၀၀ စီလိမ်ပြီးတော့ ထွက်ပြေးသွားတယ်။ ဒီအလုပ်သမားတွေ အတွက် အယင် စရံငွေ ပေးထားတာက သပ်သပ်ဖြစ်တယ်။ ဘတ်ငွေ ရှစ်သိန်းထက်မနည်း လိမ်ပြီး ထွက်ပြေးသွားတယ်။
အလုပ်သမားအဖွဲ့ ခေါင်းဆောင်အမျိုးသမီး မနုက ဘတ်ခြောက်သိန်းခွဲထက်မနည်း ရသွားတယ်လို့ ပြောတယ်။
လွန်ခဲ့တဲ့ ၂၀၁၀ နှစ်ကုန်ပိုင်းက ဘန်ကောက်မြို့က မြန်မာပွဲစား တစ်ယောက် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ မှာ ယာယီပတ်စပို့ ကုမ္ပဏီ ရုံးဖွင့်ပြီးတော့ ရခိုင်နဲ့ဗမာ အလုပ်သမား တစ်ထောင်ကျော် တို့ ဆီင်္က ဘတ်ငွေ သန်းချီ ပြီး လိမ်လည် ထွက်ပြေးသွားခဲ့တယ်။ ရခိုင်အလုပ်သမားတွေက အဆိုပါ လူလိမ်-----နဲ့ အပြန်အလှန် ပြောဆိုကြတဲ့ အသံဖိုင်၊ ဓါတ်ပုံ၊ စီးနေတဲ့ ကားနံပါတ်ဓါတ်ပုံနဲ့  လူလိမ်ရဲ့လိပ်စာကဒ်တွေ ကျွန်ုပ်ထံသို့ပေးပို့  ခဲ့ကြပါတယ်။ လူလိမ်တွေ အဆင်ပြေပြေနဲ့ သွားလာလှုပ်ရှား နေတာကို ဒီအတိုင်းကြည့်နေကြရတယ်။ ဘယ်အစိုးရက မှ ဒီလူလိမ်ပွဲစားတွေကို အရေးမယူကြဘူး။
ယာယီပတ်စပို့ လုပ်ပြီးတဲ့နောက်ပိုင်း
 ပတ်စပို့ လုပ်ပြီးတော့ ၁လအတွင်း အလုပ်လုပ်ခွင့် work permit လျှောက်ရပါတယ်။ မိမိလုပ်ငန်းရှင်နဲ့ လုပ်ရင်
 (သွေးစစ်ခ ၁၉၀၀ ဘတ်၊ နေထိုင် ခွင့်အတွက် ၁၉၀၀ ဘတ်၊ ၂ နှစ်စာ ၀ပ်ပါမစ် အတွက် ဘတ်ငွေ ၃၆၀၀ ၊ လျှောက်လွှာခ ၁၀၀ ဆိုတော့ စုစုပေါင်း ဘတ်ငွေ ၇၅၀၀ ကုန်ကျပါမယ်။ အပြင်ပွဲစားနဲ့ ဆိုရင်ပိုကုန်ပါတယ်။
အစကတည်းက  လုပ်ခဲ့ကြတဲ့ ယာယီပတ်စပို့ တွေ သက်တမ်းကုန်ကြပြီ။ မြန်မာသံရုံးမှာ သက်တမ်းတိုး တာက
တော့ ပွဲစားလက်ထဲကိုစာအုပ်နဲ့ ဘတ်ငွေ ၅၀၀ ပေးလိုက်ရင်ရပြီ။ဘာမှအခက်အခဲမရှိဘူး။ဒါပေမယ့်ထိုင်းနိုင်ငံ
မှာ နေထိုင်ခွင် ၂နှစ်စာ လုပ်ဖို့အတွက် ပွဲစားကို ဓါတ်ပုံ ၂ပုံနဲ့ ဘတ်၅၀၀၀ ပေးလိုက်မှ ရတယ်။ တရားဝင် လုပ်
ချင်ရင်တော့ သွေးစစ်ဆေးပြီးကြောင်း စာရွက်၊နဲ့ လုပ်ငန်းရှင်ရဲ့  စာရွက်စာတမ်းတွေ နဲ့ ဘတ်ငွေ ၁၉၀၀ ပေးရပါတယ်။
ယာယီပတ်စပို့ ကိုင်ဆောင်ထားသူတိုင်း ရက်ပေါင်း ၉၀ ပြည့်တိုင်းပြည့်တိုင်း နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေး ရုံးမှာ ဧည့်စါရင်း တုံးထုရပါတယ်။ အလုပ်သမားတိုင်း မသွားနိုင်တာကြောင့်ပွဲစားလက်ကို ဘတ်၃၀၀  ပေးပြီး
ထုခိုင်းကြရပါတယ်။
မိမိလုပ်အားခ ဘတ်ငွေ တစ်သောင်းကျော်လောက် အကုန်ကျခံလုပ်ထားတဲ့ ယာယီပတ်စပို့ နဲ့ WP  တို့ကို လုပ်ငန်းရှင်သိမ်းထားလို့ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် သက်တမ်း လပေါင်းများစွာ လွန်သွားတဲ့ အလုပ်သမား
တွေ အတွက် အလွန်ပဲ အကုန်အကျများပါတယ်။အကုန်အကျမခံနိုင်ရင် တရားမ၀င်အလုပ်သမားဖြစ်သွားရ
ပြန်တယ်။နစ်နာတာ မြန်မာအလုပ်သမားပါပဲ။ တစ်နေ့ ကို ဘတ်၂၀၀ ၀န်းကျင်သာ လုပ်အားခ ရရှိကြတဲ့ မြန်မာအလုပ်သမားတွေကို  နိုင်ငံတကာ ဒေါ်လာစားတွေ ကိုသတ်မှတ်ထားတဲ့ အတိုင်း ထိုင်းနိုင်ငံအတွင်း တစ်နေ့ ရက်လွန်ကြေး ဘတ်ငွေ ၅၀၀ ပေးလျှော် ရတာ အလွန်နစ်နာပါတယ်။ ဘတ်တွေသက်တမ်း သေတော့မယ်၊
ဘတ်အသစ်တွေ လုပ်ပြီး ဆိုသလို အများ တပြိုင်းတည်း သိရမယ့် အခြေအနေကမဟုတ်။ တစ်ယောက်နဲ့ 
တစ်ယောက် စာအုပ်သက်တမ်းကုန်တာ မတူညီတော့ မိမိကိုယ်ကိုယ် နမော်နမဲ့နိုင်လို့ မသိတာရှိသလို
လုပ်ငန်းရှင်တွေ သိမ်းထားလို့ နေထိုင်ခွင့်ရက်တွေ လွန်သွားတာလည်းရှိတယ်။
အားလုံးကိုခြုံပြောရရင်၊ ထိုင်းနိုင်ငံအတွင်းမှာ လက်ရှိလုပ်ကိုင်နေတဲ့ ယာယီပတ်စပို့ လုပ်ငန်ကြောင့် ထိုင်းနဲ့မြန်မာအစိုးရနဲ့ကုမ္ပဏီတွေ၊ပွဲစားတွေ အကျိုးအမြတ်လွန်စွာများပါတယ်။ အလုပ်သမား ကြောမွဲ မြန်မာ
အလုပ်သမားတွေအတွက်ကတော့ ကုန်းခံ ရုန်ကန်ရင်း တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် အတွက် လုပ်
သမျှ ကုန်နေကြရတယ်။ အလုပ်တွေလည်းရှုပ်လိုက်ကြတာ။ လုပ်သမျှ ပွဲစားလက်ကို ထိုးထည့်နေကြရတယ်။
ထိုင်းနဲ့ မြန်မာအစိုးရတို့ လျှော့ပေးပါ
နှစ်နိုင်ငံအစိုးရအနေနဲ့  အလုပ်သမားတွေကို သနားလို့ရှိရင် လျှော့ပေးနိုင်တာရှိပါတယ်။(၁) ထိုင်းနိုင်ငံအတွင်
နေထိုင်ခွင့်ကို ပတ်စပို့စာအုပ်သက်တမ်းနဲ့ အတူတူ ၆နှစ် သတ်မှတ်ပေးပါ။(၂) အလုပ်လုပ်ခွင့်WP ကိုလည်း စာအလုပ်သက်တမ်းနည်းတူထားပေးပါ။(၃) ရက်ပေါင်း ၉၀ သတင်းပို့ တုံးထုရခြင်းကို လုံးဝ ရပ်ပစ်ပါ။
 ဒီ အချက် ၃ချက်ကို မြန်မာအစိုးရက ထိုင်းအစိုးနဲ့ ညှိလိုက်ရင် မြန်မာအလုပ်သမားတွေအတွက် အလုပ်လည်း မပျက်၊ အလုပ်လည်းမရှုပ်တော့သလို အကုန်အကျလည်း အထူးသက်သာသွားပါမယ်။ ကြားပွဲစားတွေဆီမှာ လည်း  ခေါင်းပုံဖြတ်ခံနေရတာတွေ လျှော့နည်းသက်သာသွားစေနိုင်မှာ ဖြစ်ပါတယ်။တရားဝင် အလုပ်သမား ဖြစ်ခြင်းကိုလည်း အားပေးရာရောက်စေပါတယ်။
 ပညာတွေအများကြီးတတ်ပြီး မြန်မာသံအရာရှိလူကြီးမင်းတို့လည်း တိုင်းပြည်နဲ့လူမျိုးအကျိုး၊ လူသား တွေရဲ့ အကျိုးတွေအတွက် အလုပ်လုပ်ခွင့်မရပဲ နေ့စဉ်အုပ်ရေ လေးထောင် ထက်မနည်းတဲ့ ပတ်စပို့  စာအုပ်ပုံကြီးကို တံဆိပ်တုံးထုလိုက်၊ လက်မှတ်ထိုးလိုက် အလုပ်ကနေသက်သာသွားမယ်လို့ မြင်ပါတယ်။
ထိုင်းနိုင်ငံအတွင်းသန်းချီရှိတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ဘ၀တွေ၊ အသက်တွေ၊ ကိုယ်လက်အင်္ဂါတွေ၊ ချွေးတွေ နဲ့ ရင်းနှီးပေးဆပ်ပြီးမှ ရတဲ့လုပ်အားခတွေ အကုန်လုံးနီးပါး ထိုင်းနိုင်ငံအတွင်းမှာပဲ ကုန်ကျနေ တာကို
လျှော့နိုင်သမျှ လျှော့နိုင်အောင် မြန်မာအစိုးရသစ်အနေနဲ့ အမြန်ဆုံး ထည့်သွင်းစဉ်းစားပေးပါလို့  အလုပ်သမား တွေကိုယ်စား အကြံပြု တင်ပြလိုက်ပါတယ်။
                                                                                            ကျော်သောင်း

No comments:

Post a Comment