Wednesday, 1 May 2013

“ယမန်နေ့ညဥ့်က ကယ်တင်ခဲ့သည့်အလုပ်သမား ၃ဦး ယနေ့ပြန်ပို့ရန်စီစဉ်”

                 ၂၀၁၃ မေလ ၁
မင်းဘခက် 
               ဘန်ကောက်မြို့အနီး စမူပါကန် ခေါင်ဒဲန် ငါးဖမ်းလှေဆိပ် လှေအမှတ် ၉  ပေါ်မှ ကယ်ထုတ် လာခဲ့သည့် မြန်မာအလုပ်သမား ၃ဦး တို့အား လုပ် အားခများရှင်းပေးပြီးနောက် အလုပ်သမားများ ဆန္ဒ အရ ယနေ့ တွင် ပြန်ပို့ရန် စီစဉ်လိုက်ကြောင်း သိရှိ ရသည်။
    ယမန်နေ့ညဥ့်၉နာရီခန့်တွင် ထိုင်လုံမစ် အမှတ် ၉ ငါးဖမ်းလှေပေါ်တွင်  အနည်းဆုံး ၈လမှ တစ်နှစ်အထိ အချိန်ကြာမြင့်စွာ အလုပ်လုပ်နေကြရသည့်  အသက် ၄၀ ကျော်အရွယ် ဦးဌေးဝင်း ၊ အသက် ၂၀ အရွယ် ကိုစိုးမောင် နှင့် အသက် ၁၉ နှစ်အရွယ် ကိုသန်းထွန်း တို့ကို အခက်အခဲများစွာထဲမှ ရှာဖွေ ကယ်ထုတ်ခဲ့ကြရခြင်းဖြစ်သည်။
            အလုပ်သမား တို့၏ ဆန္ဒသဘောအရ အမှုဖွင့်လျှင် အချိန်ကြာမြင့်နေမည်ဖြစ်သဖြင့် အမှုမဖွင့်လို ကြပေ။ ထို့ကြောင့် ယနေ့တွင် ဦးဌေးဝင်း  အတွက်  လုပ်အားခ ဘတ် ၄၃၅၀၀ ကိုစိုးမောင် အတွက် ၄၆၅၀၀  နှင့် ကိုသန်းထွန်း  အတွက် ၃၇၀၀၀ ဘတ် တို့ကို လုပ်ငန်းရှင် က ထိုင်းအစိုးရ လူကုန်ကူးမှု တိုက် ဖျက်ရေး အဖွဲ့ AHTD  နှင့် MAT အဖွဲ့တို့သို့ လာရောက် ရှင်းပေးခဲ့ခြင်းဖြစ်သည်။ 
             ကိုစိုးမောင် က“ ကျနော်တို့ ဧပြီ၂၉ရက်နေ့   ညဥ့် ၁နာရီကတည်းက လှေကပ်ပါတယ်။ မိုးလင်း ကတည်းက ငပိတွေ တင်တာ မနက် ထမင်း လည်း မစားရဘူး။ နားလည်း မနားရဘူး။ မုန့်တော့ နဲနဲစားရ
တယ်။ ဆရာတို့လာခေါ်တဲ့အချိန်ထိ မပြီးသေးဘူး။ အလုပ်မပြီးမချင်း မနားရသလို စားလည်း မစားရဘူး။
ပင်လယ်ထဲမှာလည်း နားချိန် အိပ်ချိန်မရှိ လုပ်နေရတာပါ” ဟုပြောသည်။
အိမ်ပြန်လိုစိတ် ပြင်ထန်နေကြသည့် အလုပ်သမား ၃ဦးတို့ကို နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရန်အတွက်
အိုင်ဒီစီ (ထိုင်းလူဝင်မှုကြီးကြပ်ရေး)အချုပ်ခန်းသို့ ယနေ့ မွန်းတည့်ချိန်က ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
       MATနှင့် ပူးပေါင်း အဖွဲ့တို့သည် ထိုင်လုံမစ် ငါးဖမ်းလှေဆိပ်သို့ ဧပြီလ ၇ရက်နေ့တွင် တစ်ကြိမ်၊ ဧပြီလ
၂၆ ရက်နေ့တွင် တစ်ကြိမ်နှင့် ယမန်နေ့ညဥ့်က တစ်ကြိမ် သုံးကြိမ်တိတိ စီးနင်းဝင်ရောက်စဉ်အတွင်းမြန်မာ အလုပ်သမား ၁၇ ဦးကို ကယ်တင်နိုင်ခဲ့သည်။ အလုပ်သမားများကို ရိုက်နှက်သည့် လက်ထောက်ပိုက်ဆရာ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
သို့ရာတွင် အဓိက ကျသည့် လူကုန်ကူးသူများနှင့် ခိုင်းစေသည့် လုပ်ငန်းရှင်ကိုမူ ယနေ့တိုင် တစ်စုံတစ်ခု
အရေးယူခြင်း မရှိသေးကြောင်း၊ MAT အဖွဲ့ ကပြောပါသည်။ ယခု စီးနင်းကယ်ထုတ်မှုကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး AHTD,ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖေါင်ဒေးရှင် FED, မြန်မာအလုပ် သမားကူညီစောင့်ရှောက်ရေး ကော်မတီ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။





No comments:

Post a Comment