Friday, 25 October 2013

“မတရားဖမ်းဆီးခံရသည့် အလုပ်သမား၃၇ဦးအား MAT အဖွဲ့ကယ်တင်”




အောက်တိုဘာ၂၅    မြတ်ညို(အလွတ်သတင်းထောက်)
         လုပ်ငန်းရှင်နှင့်ပွဲစားတို့ပူးပေါင်း၍ ဒေသခံ ရဲများက၀င်ရောက်ဖမ်းဆီးခြင်းခံခဲ့ရသည့် ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ၃၀၀ ကျော်အကွာ တွင်ရှိသောနာနတ်သီးစက်ရုံမှ မြန်မာအလုပ်သမား ၃၇ဦးအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့်ပူးပေါင်းအဖွဲ့တို့က ကူညီဆောင်ရွက်မှုကြောင့်ပြန်လည် လွတ်မြောက်လာခဲ့ကြောင်းသိရှိရသည်။
         ပတ်စပို့နှင့် အလုပ်လုပ်ခွင့်လက်မှတ် အပြည့်အစုံရှိသော အလုပ်သမား ၁၉ဦးနှင့် အမျိုးသား၁၈ဦး စုစုပေါင်း ၃၇ ဦးတို့က လုပ်အားခ  အလွန်နည်းပါးသဖြင့် အလုပ်ထွက်လိုကြောင်း၊ ပြောဆိုပြီး မိမိတို့၏  စာရွက်စာတမ်းများကို ပြန်လည်တောင်းခံခဲ့ရာမှ ပြဿနာ စတင်ခဲ့ကြခြင်းဖြစ်သည်။
           နကပထုန်မြို့မှ မြန်မာပွဲစား မြင့်ထွန်း ဆိုသူက အလုပ်သွင်းပေးခအဖြစ် အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၁၅၀၀ စီယူ၍ သွင်းခဲ့ပြီးနောက် အလုပ်လုပ်ခွင့်ပါမစ်WP ပြောင်းရမည်ဆိုသည့် အကြောင်းပြ ချက်ဖြင့်အလုပ်ရုံမှ အလုပ်သမားများ၏ ပတ်စပို့နှင့် WP တို့ကို သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။
အလုပ်သမားအဖွဲ့ခေါင်းဆောင် ကိုဂျောက်ဂျက် က “ကျနော်တို့ ပတ်စပို့ကိုတောင်းလို့မရတဲအတွက် ကျနော်တို့ ၃ရက်အလုပ်မလုပ်ပဲနေခဲ့ကြတယ်။ ပွဲစားနဲ့ အလုပ်ရှင်တို့က ပုလိပ်ကိုခေါ်ပြီး ဖမ်းခိုင်းတာ။ ပုလိပ်ကတစ်ဆင့် တောချတော(နယ်ခြားစောင့်စစ်တပ်) ကိုအပ်လိုက်တာ။ MAT အဖွဲ့က ကူညီပေးလိုက် လို့ ကျနော်တို့လွတ်မြောက်လာတာဖြစ်တယ်။ ကျနော်တို့ အလုပ်၁၅ ရက်လုပ်ပေးဖို့ ပြီးရင် အလုပ်ရုံ ပြောင်းဖို့ သဘောတူထားကြပါတယ်။ ကျနော်တို့ အလုပ်ရုံအသစ်ရှာကြရပါအုံးမယ်” ဟုပြောသည်။

အလုပ်သမားများအား အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၁၀နာရီခန့်တွင်လာရောက်ဖမ်းဆီးခဲ့ပြီး ညနေ ၈နာရီခန့်တွင် အလုပ်ရုံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး
က “စာရွက်စာတမ်းအပြည့်အစုံရှိတဲ့ အလုပ်သမားတွေကိုဘာကြောင့်ဖမ်းရသလဲလို့ ကျနော်က ပုလိပ်ကို မေးတယ်။ ပုလိပ်က တောချတော့( စစ်သား) တွေကိုဖုန်းပေးတယ်။ ကျနော်ကသံရုံးအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့ကဖြစ်တယ်။ ဒီအလုပ်သမားတွေကို နယ်စပ်ကို မပို့ပါနဲ့ သူဌေးက ညစ်ပတ်ပြီးသိမ်း ထားတာ။ ကျနော်တို့ အဲဒီ ပတ်စပို့တွေယူလာခဲ့မယ်။ အပြစ်မရှိတဲ့အလုပ်သမားတွေဖြစ်တယ်။လို့ မေတ္တာရပ်ခံလိုက်တယ်။ ဖြစ်စဉ်ကို သဘောပေါက်အောင် ပြောပြလိုက်တယ်” ဟုပြောသည်။

ထိုင်းနိုင်ငံတွင် ကျင့်သုံးနေသည့် အလုပ်သမားဥပဒေတွင် ရွှေ့ပြောင်းအလုပ်သမားများတွင် အလုပ်လုပ်ခွင့်
လက်မှတ် WP လုပ်ထားသော်လည်း အခြား အလုပ်တစ်နေရာသို့ အလုပ်ပြောင်းရွှေ့လျှင် ထပ်မံ၍ WP လုပ်နေရသည်မှာ အလုပ်သမားများအား အခက်အခဲဖြစ်စေသည်။ ထို့အပြင် ပွဲစားများအား စားကွက်ထွင်
ပေးထားသည်နှင့်တူသည်။ အထူးသဖြင့် မြန်မာအလုပ်သမားများ လုပ်အားခများ အလေအလွင့်များနေ
သည်။ ဤအခြင်းအရာများအား မြန်မာအစိုးရအနေဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ပြောဆိုသင့်
ကြောင်း MAT အဖွဲ့က ထောက်ပြပြောဆိုသည်။

1 comment:

  1. ကျနော်ကသံရုံးအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့ကဖြစ်တယ်လို့ ပြောရအောင် MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေးက သံရုံးဝန်ထမ်းလား?
    MAT အဖွဲ့ကိုမြန်မာသံရုံးကဖွဲ့ထားတာလား သိရသလောက်တော့ MAT က တရားဝင်အဖွဲ့စည်းမဟုတ်ပါဘူး

    ReplyDelete