Wednesday 27 February 2013

“လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရသည့်အလုပ်သမား ၂ဦး နစ်နာကြေး သုံးသိန်းကျော်ရရှိ”

၂၀၁၃ ဖေဖေါ်ဝါရီ ၂၇
ကိုတီး
လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိသဖြင့် ကိုယ်လက် အင်္ဂါ ပျက်စီးဆုံးရှုံးသွားသည့် အလုပ်သမား  ၂ဦး အတွက်ပူးပေါင်းကူညီသူများ ဆောင်ရွက်ပေး မှုကြောင့် ယမန်နေ့က ဘတ်ငွေ တစ်သိန်းကျော်စီ  ပထမအရစ်အဖြစ် ရရှိသွားကြကြောင်း ကူညီသူ များပြောပြချက်အရ သိရှိရသည်။
ယမန်နေ့က  ပအို့ဝ်အမျိုးသား ခွန်မောင်လုံး သည် ပကာစာခွန်း(အာမခံကြေး)ဘဏ်မှ ဘတ်ငွေ တစ်သိန်းရှစ်သောင်း ရရှိခဲ့သည်။ သူသည် ၂၀၁၂ ခုနှစ်ဒီဇင်ဘာလ တွင် ဘန်ကောက်မြို့အယ်ကချိုင် ၆၆ လမ်း ထဲတွင်ရှိသော မော်တော်ဆိုင်ကယ် အပို ပစ္စည်းစက်ရုံတွင် လက်မတော်တဆ ညပ်မိသဖြင့် ဘယ်လက်ဝါး အားလုံးပြတ်ထွက်သွားခဲ့သည်။
   နောက်တစ်ဦးမှာ ဘန်ကောက်မြို့ အနီး အုန်းနွဲ့ဖက်ကဆင် ၁၂၀လမ်းတွင်ရှိသော SAMMARTY MOTHER CO,LTD ပုံးလောင်းပါကင် အလုပ်ရုံတွင် ဇွန်လက  လက်ချောင်းများပြတ်တောက်သွားခဲ့သည့် ပဲခူးမှ မအေးသီတာဝင်းအား အာမခံကြေး ဘတ်ငွေ တစ်သိန်းခြောက်သောင်းကျော်အား ပြီးခဲ့သည့်လက ရရှိခဲ့သည်။
     ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED မှ ရှေ့နေက လုပ်ငန်းရှင်ထံမှ နစ်နာကြေးများထပ်မံရရှိဦးမည်ဖြစ်ကြောင်း ပြောပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ပူးပေါင်းဆောင်ရွက်မှု
ရလဒ်တွေပါ။ အယင်တုန်းက ထိုင်းမှာ မြန်မာအလုပ်သမားတွေ ကျိုးတာပြတ်တာတွေရဖို့ နေနေသာသာ
အသက်သေရင်တောင် တစ်ပြားမှ မရခဲ့ကြဘူး။ ခု ကျနော်တို့မှာ FED က ရှေ့နေလည်းရှိနေတယ်။ လိုအပ်
ချက်အချို့ကို မြန်မာသံရုံး က သံမှူး  ဦးအောင်ကျော်လင်း၊ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နဲ့ အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် တို့ကလည်း ကူညီပေးကြတယ်။ နောက်ထပ် အကျိုးအပြတ်တွေရော ကားတိုက်သေဆုံးမှု တွေရောအများကြီး ကျနော်တို့ ကိုင်တွယ်ဖြေရှင်းနေရတာတွေရှိပါတယ်” ဟုပြောသည်။
       ထိုင်းအလုပ်သမားဥပဒေတွင် လုပ်ငန်းခွင်ထိခိုက်မှုဖြစ်စေ၊ အခြားသေမှုသေခင်းတစ်ခုခုဖြစ်စေ အချိန်
ကာလအားဖြင့် ရက်ပေါင်း ၁၈၀(၆လ) မကျော်မီ အမှုဖွင့်တိုင်ကြားရမည်ဟု ပြဌာန်းထားကြောင်း ထိုင်းရှေ့နေများပြောပြချက်အရ သိရှိရသည်။

Monday 25 February 2013

“လူကုန်ကူးခံခဲ့ရသည့် ၁၈နှစ်အောက် ကလေးများ ကယ်ထုတ်ခဲ့ပြီး ၉လကျော်မှ ပြန်ရောက်”



           






၂၀၁၃ ခု ဖေဖေါ်ဝါရီ ၂၅ ရက်
          မြတ်ညို ( အလွတ်သတင်းထောက်)
           ဘန်ကောက်မြို့အနီး မဟာချိုင် နေ၀စ် အရပ် စွယ်မမ တွင်ရှိသော ဆန်းဒစ် ပုဇွန်အအေး ခန်းအလုပ်ရုံမှ ၂၀၁၂ နှစ် မေလ၁၅ ရက်နေ့က  တစ်နေ့လျှင် ၁၆နာရီ ထက် မနည်း အလုပ်လုပ်နေ ရပြီး တစ်ပတ် လုပ် အားခ ဘတ်ငွေ ၅၀ သာရရှိ သည့် အလုပ်သမား ၁၄၆ ဦးအား ကယ်ထုတ်စဉ် ပါဝင်ခဲ့သည့် အသက် ၁၈နှစ် အောက်အရွယ် အမျိုး သမီးငယ် ၄ဦးတို့ ယနေ့တွင်မိဘများထံ သို့ပြန် လည်ရောက် ရှိသွားပြီဖြစ်ကြောင်း သိရှိ ရသည်။
             အသက်  ၁၄ နှစ်အရွယ် သီတာ၊ မြ၀တီ။ အသက် ၁၅နှစ်အရွယ် ခိုင်စုဝေ၊ မြ၀တီ။ ၁၅နှစ် အရွယ် သူဇာ၊ မော်လမြိုင်။ နှင့် အသက် ၁၆နှစ် အရွယ် အိသဇင်၊ သထုံ။ တို့မှာ ထိုင်းနှင့်မြန်မာ အစိုးရတို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ယနေ့ တွင်မိဘများထံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
 
           ၎င်းတို့နှင့်အတူဘားအံမြို့မှ အသက် ၁၈ နှစ်အရွယ် မစိုးသူဇာမြင့် လည်း ပြန်လည်ပို့ဆောင် သည့် အထဲတွင်ပါဝင်ခဲ့သည်။
   မခိုင်စုဝေ က“ သမီးတို့ ဇာထိုးပန်းထိုးတွေ တတ်လာတယ်။ ခြင်းတွေဘာတွေလုပ်တတ်လာတယ်။ ထိုင်း
အစားအစာတွေကို ပဲစားနေရတော့ သမီးတို့ ဘယ်လိုမှ အာဟာရမဖြစ်ဘူး။ အထူးသဖြင့် မိဘတွေကို ဖုန်း
ဆက်ခွင့်မရပဲ ရေလယ်ကျွန်းမှာနေရတော့ အားငယ်မိတယ်။ ဘဘဦးကျော်သောင်းတို့လည်း သမီးတို့ကို
ကယ်ထုတ်ပြီးကတည်းက တစ်ခါမှတောင် ပေါ်မလာတော့ဘူး။လာလည်းမတွေ့ဘူး” ဟုပြောသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ထိုင်းအစိုးရ လူကုန်ကူးခံရသည့် အလုပ်သမား ၃၂ နှစ်ဦးအား
ဘုရားသုံးဆူလမ်းမှ ပြန်လည်ပို့ဆောင်ပေးခဲ့စဉ် မခိုင်စုဝေ တို့  ပါလာခဲ့ခြင်းဖြစ်သည်။

            ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “ ဒီကလေးမ
တွေဟာ ၉လနဲ့ ၁၀ ရက်ကြာမှ မိဘတွေထံကို ပြန်ရောက်တယ်။ ဒီကြားထဲမှာ ဒီကလေးတွေ ဆီကို ကျနော်
တို့ သွားရောက်ခွင့်ရဖို့အတွက် UNIAP နဲ့ ထိုင်းအစိုးရ ကိုခွင့်တောင်းခဲ့ပေမယ့်မရဘူး။ ဒီဖြစ်စဉ်မှာ အလုပ်သမားတွေ တစ်ပြား တစ်ချပ်မှ မရပဲ ဒီလောက်ကြသွားပြီးမှ ပြန်သွားရတယ်။    လူကုန်ကူးမှုကို ကျူးလွန်တဲ့ကျော်စိုး ဆိုတဲ့ ပွဲစားကို သူ့အခန်းထဲမှာ ခြောက်လုံးပြူးတစ်လက်နဲ့ အတူ စိတ်ကြွဆေးပြားပါ လက်ပူး လက်ကျပ်ဖမ်းမိတယ်၊ ဒါပေမယ့် သူရော သူ့လုပ်ငန်းရှင်ပါ။ အာမခံနဲ့ ပြန်လွတ် သွားတယ်။ တစ်မိနစ်တောင်အချုပ်ခန်းထဲမှာမနေခဲ့ရဘူး။ လူကုန်ကူးတဲ့သူနဲ့ အလုပ်ရုံပိုင်ရှင်ကို ဥပဒေကြောင်းအရ ထိုင်းအစိုးရက အရေးယူသလား မယူဘူးလားဆိုတာကို မြန်မာအစိုးရနဲ့ UNIAP တို့ မေးမြန်းသင့်ပါတယ်” ဟုပြောသည်။
        အလုပ်သမား ၁၄၆ ဦးကို အခန်းပိတ်လှောင်ခိုင်းစေထားခဲ့သည့် ဆန်းဒစ် ပုဇွန်အအေးခန်းစက်ရုံ၏ ဆိုးဝါးသည့် အခြေအနေများကို ထိုင်းအာဏာပိုင်များကိုယ်တိုင် စီနင်းဝင်ရောက်စဉ် အလုံးစုံသိရှိပြီးဖြစ် သည်။ အလုပ်မဆင်းနိုင်သည့် အလုပ်သမားများ ဒဏ်ခတ်ချုပ်နှောင်သည့် မြေအောက်အမှောင်ခန်း များ ပွဲစားများကိုင်ဆောင်သည့် ခြောက်လုံးပြူးများ ကျည်ဆန်းများ ကိုတွေ့ ရှိခဲ့သည်။ အလုပ်ပင်ပန်းလွန်းပြီး အာဟာရ ချို့တဲ့ခြင်းများကြောင့် ခန္ဓာကိုယ်အောက်ပိုင်း ဖေါ့ရောင်နေသူများပါ ရှိနေခဲ့သည်။

ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့သည် ဆက်သွယ်လာသည့်တယ်လီဖုန်းများ မည်သည့်နေ ရာတွင်ရှိသည်ကို သိရှိနိုင်သည့်ကွန်ပျူတာ ကိရိယာ များရှိသဖြင့် လူကုန်ကူးခံရသည့် နေရာများကို စုံစမ်းရန်လွယ်ကူသည်။ လမ်းညွှန်ကွန်ပျူတာများ၊ အမြန်ယာဉ်များ၊ကျည်ကာအဂျီများ စသည်ဖြင့်  ပြည့်စုံသည့် နိုင်ငံတော်တပ်ဖွဲ့ဖြစ်သည်။
          သို့ရာတွင် လူကုန်ကူးမှုလုပ်ငန်းစဉ်တွင် ထိုင်းအာဏာပိုင်းများနှင့် လုပ်ငန်းရှင်များနှင့် တိုက် ရိုက်ပတ်နေသည်ကတစ်ကြောင်း၊ လူကုန်ကူးခံရပြီး အဓမ္မခိုင်းစေခံနေရသူတို့က မြန်မာလူမျိုးများ ဖြစ်နေသည်ကတစ်ကြောင်း မြန်မာအစိုးရနှင့် UNIAP တို့မှာ ထိထိရောက်ရောက်လုပ်ကိုင်နိုင်သည့်အခွင့်အလမ်းအထူးနည်းပါးမှုတို့ကြောင့်လည်းကောင်း  ထိုင်းနိုင်ငံ တွင်နာရီမလပ် လူကုန်ကူးမှုဖြစ်ပေါ်လျှက်ရှိကြောင်း MATအဖွဲ့ကပြောသည်။
       ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် သာမန်အလုပ် သမားအဖွဲ့ အစည်းငယ်တစ်ခုသာဖြစ်သော်လည်း ၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၁၉ မှုကို ပူးပေါင်းအဖွဲ့များဖြင့် ဖေါ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးခံရသူပေါင်း ၂၉၂ ဦး ကို ကယ်တင်နိုင်ခဲ့ အဖွဲ့ဖြစ်သည်။
  

Wednesday 20 February 2013

“လူကုန်ကူးခံခဲ့ရသူ ၃၂ဦးအား ထိုင်းအစိုးရပြန်ပို့”



ဖေဖေါ်ဝါရီ ၂၀     
မင်းဘခက်
              ထိုင်းနိုင်ငံ မဟာချိုင် ပုဇွန်အအေးခန်း အလုပ်ရုံနှင့် ခြုံဘူရီ ခရိုင် ချောင်းစမေးစံ ငါဖမ်းလှေ ဆိပ်တို့တွင် လူကုန်ကူးခံခဲ့ရာမှ  ၂၀၁၂ခုနှစ်အတွင်း ကလွတ်မြောက်ခဲ့ကြသည့် မြန်မာအလုပ်သမား၃၂  ဦးတို့အားဘုရားသုံးဆူနယ်စပ်မှယနေ့တွင်ပြန်လည် ပို့ဆောင်ပေးလိုက်ပြီ ဖြစ်ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ များပြောပြချက်အရသိရသည်။
        ယနေ့ပြန်လည်ပို့ဆောင်ခဲ့သည့် မြန်မာအလုပ်သမား ၃၂ ဦး ထဲတွင် အမျိုးသမီး ၁၆ဦးနှင့်အမျိုးသား၁၆ ဦးတို့ပါဝင်ကာ အသက် မပြည့်သေးသည့်ကလေးအလုပ်သမားတစ်ချို့လည်းပါဝင်သည်။
       ၂၀၁၂ နှစ်နှစ် မေလ၁၅ ရက်နေ့က  တစ်နေ့လျှင် ၁၆နာရီ ထက် မနည်း အလုပ်လုပ်နေရပြီး လုပ်အား ခ ၁၀ ဘတ်သာ ရရှိသည့် မဟာချိုင် နေ၀စ် စွယ်မမ တွင်ရှိသော ဆန်းဒစ် ပုဇွန်အအေးခန်း အလုပ်ရုံမှ အလုပ်သမား ၁၄၆ ဦးအား ကယ်ထုတ်ကြစဉ် အသက် ၁၆နှစ်အရွယ် အမျိုးသမီးငယ် ၄ဦးပါဝင်ခဲ့သည်။
ယနေ့ပြန်လည်ပို့ဆောင်ခြင်းကို ကုလသမဂ္ဂ လူကုန် ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP မှ မြန်မာအရာရှိ
ဦးမောရစ် ကလည်းအတည်ပြုပြောဆိုသည်။
      အသက် ၁၆ နှစ်အရွယ် မခိုင်စုဝေ တို့  ၏ဖခင် ဦးသန်းရွှေဦး က “ ကျနော့်သမီးတို့ရောင်းစားခံရပြီး
နာရီပေါင်းများစွာအလုပ်လုပ်နေကြရတာကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့က ကယ်ထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ခဲ့ တယ်။  ကျနော်တို့သမီးနဲ့ ဖုန်းလည်းဆက်သွယ်ခွင့်မရ၊ ဘယ်ရောက်လို့ရောက်နေမှန်းမသိ၊ မိဘတွေဖြစ်တဲ့ ကျနော်တို့ နေ့တိုင်း စိတ်ပူနေရတယ်။ ၉လတိတိ အမည်ခံ ကယ်ဆယ်ရေးစခန်းမှာ တစ်ပြားမှ ၀င်ငွေမရပဲနေခဲ့ရတယ်။ ပြန်ပို့တဲ့အခါ  မိဘတွေရှိတဲ့ မြ၀တီ
ဘက်ကမပို့ပဲ ဘုရားသုံးဆူဘက်က ပို့လိုက်တယ်၊ ပွဲစားတွေ လူကုန်ကူးပြီး အစိုးရတွေ ဆက်လက်လူ
ကုန်ကူးနေသလိုပဲ။  ကျနော့သမီးတို့သာ  ၉လကြာခဲ့တာ ပွဲစားနဲ့ ထိုင်းလုပ်ငန်းရှင်တွေက တစ်ရက်
တောင် အကျဉ်းချမခံရဘူးလို့သိရတယ်” ဟု စိတ်ထိခိုက်စွာဖြင့်ပြောသည်။
ထိုင်းနိုင်ငံတွင် ပြဌာန်းကျင့်သုံးနေသည့် လူကုန်ကူးမှုဥပဒေမှာ လူကုန်ကူးခံရသူများအတွက် အခွင့်အရေး
အထူးနည်းပါးပြီး လူကုန်ကူးမှုကိုကျူးလွန်သူများအတွက်မူ အခွင့်အရေးအထူးသာသည်။ ထို့အပြင်  ခြစားမှု
များစွာရှိသည့်အပြင် ထိုင်းအာဏာပိုင်များကိုယ်တိုင် လူကုန်ကူးခြင်း၊ ၎င်းတို့ကိုယ်ပိုင်အလုပ်ရုံများတွင်အဓမ္မ
ခိုင်းစေခြင်းများ ပြုလေ့ရှိသည်။
               MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ရောင်းစားခံ ထားရတဲ့ နေရာကို  ကျနော်တို့သိပေမယ့် အရေးယူလို့မရသေး တာတွေအများကြီးရှိတယ်၊ သူတို့သတ်မှတ်ချက်တွေအများကြီးကို ကျနော်တို့စွန့်စားပြီးမှ အချက်အလက်တွေစုဆောင်း ရတယ်။   သဘာဝတော့ကျပါတယ်။ ထိုင်း လုပ်ငန်းရှင် လည်းအကျိုးရှိ၊ နယ်မြေရဲကလည်း ပိုက်ဆံရ။ ကျွန်ပြုခိုင်းစေခံနေရတာ က မြန်မာ အလုပ်သမားတွေလေ။ ကျနော်တို့ လူကုန်ကူးသူတွေကို ကယ်ထုတ် တာနဲ့ မတူပဲ၊ ခန္ဓာကိုယ်ပင်ပန်းတဲ့နေရာက စိတ်ဆင်းရဲ တဲ့ နေရာ ကိုပြောင်းပေးလိုက်တာနဲ့ အတူတူပဲ၊ ရလဒ်ကတော့ ကျနော်တို့ကို ထိုင်းလုပ်ငန်းရှင်တွေနဲ့ ထိုင်းအာဏာပိုင်တွေက မျက်မုန်းကျိုး တယ်၊ ခြိမ်းခြောက်တာတွေခံလာရတယ်”
             ဆယ်စုနှစ်ပေါင်းများစွာ တရားဝင်လမ်းကြောင်းမှ လူကုန် ကူးသူများနှင့် ထိုင်းအာဏာပိုင်များ မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံအနှံ့အပြားသို့တင်တင်သွင်းရုံသာမက မလေးရှား နှင့် အခြားနိုင်ငံများသို့ပါ တင်ပို့လာခဲ့ပြီးဖြစ်သည်။ သိန်းနှင့်ချီ၍ အဓမ္မခိုင်းစေခံရေသည့် မြန်မာအလုပ်သမားများအား လွတ်မြောက်အောင်
ကယ်တင်နိုင်မည်အဖွဲ့အစည်းများ ထိုင်းနိုင်ငံအတွင်း အထူးလို အပ်လျှက်ရှိကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက် သူများက ပြောဆိုကြသည်။

Friday 15 February 2013

“ညှင်းပမ်းနှိပ်စက်ခံခဲ့ရသည့် ကရင်ကလေးအလုပ်သမငယ်ထံသို့ အလုပ်သမားညွှန်ချုပ်သွားရောက်”


ဖေဖေါ်ဝါရီ ၁၅
မြတ်ညို(အလွတ်သတင်းထောက်)
       
၅နှစ်ခန့် ထိုင်းလူမျိုးဇနီးမောင်နှံတို့အိမ်တွင် အခန်းပိတ်လှောင် ခိုင်းစေခံခဲ့ရပြီး ညှင်းပမ်းနှိပ်စက် ခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် ကရင်အမျိုးသမီး ငယ် မအဲ တို့ မိသားစု အား ပြုစုစောင့်ရှောက်ထား သည့် ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်း ကန်ဖယ်ဖက် (Kamphaeng Phet) မြို့ ကန်ဖယ်ဖက်ခရိုင် မိသားစုနှင့် ကလေး စောင့်ရှောက်ရေး ဂေဟာသို့ ဘန်ကောက် မြန်မာသံရုံးမှ အလုပ်သမားညွန်ကြားရေးမှူးဦးနိုင်ထွန်း နှင့်အဖွဲ့တို့ ယနေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
    ဦးနိုင်ထွန်း က“ မြန်မာအစိုးရအနေနဲ့  အမှု ၇မှုနဲ့  ထိုင်းရဲက အမှုဖွင့်ထားတာ။ အစိုးရရှေ့နေကိုလည်း
သူတို့ပဲ စီစဉ်မယ်လို့ပြောတယ်။ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင် အနှစ် ၂၀ ကျမယ်လို့ပြောတယ်။
တရားခံလို့ ယူဆရတဲ့ လင်မယား ၂ယောက်လုံးကို ထွက်မပြေးအောင် အာမခံသေသေချာချာလုပ်ပြီး အပြင်မှာလွှတ်ထားတယ်။ ကောင်မလေးက စိတ်ပိုင်းဆိုင်ရာ အတော်ထိခိုက်နေတော့ သူ့ အဖေအမေ
ပါခေါ်ထားတယ်။ မြန်မာအစိုးရအနေနဲ့ ကနဦး ကူညီငွေ ဘတ် ၂၀၀၀၀ နဲ့ ကျနော်တို့ အလုပ်သမား
ကူညီစောင့်ရှောက်ရေးအသင်းက ဘတ်ငွေ ၅၀၀၀ ကူညီခဲ့တယ်” ဟု ပြောသည်။
   ဦးနိုင်ထွန်းသည် ဗီယန်ကျင်းသံရုံး၊ ဘန်ကောက်သံရုံးတို့တွင် ကာလရှည်ကြာ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီးထိုင်းဘာသာစကားကို အထူးကျွမ်းကျင်စွာ တတ်မြောက်ထားသူလည်း ဖြစ်သည်။
      ဘန်ကောက်မြန်မာသံရုံးတွင်သံမှူးရာထူးဖြင့်တာဝန်ထမ်းဆောင်နေခဲ့စဉ်အတွင်းပညာရေးဖွံ့ဖြိုး ရေးဖေါင်ေ

ဒးရှင်း FED ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT နှင့် ပူးပေါင်း ၍  မြန်မာအလုပ်သမားများ၏ အရေးကိစ္စများစွာတို့ကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်သဖြင့် အလုပ်သမားများ အားကိုးခြင်းကိုခံခဲ့ရသည်။  သူသည် အရပ်ဖက် အသွင်ပြောင်း ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာအလုပ်သမားများအရေးကို ထိထိရောက်ရောက် ကူညီဖြေရှင်းပေးခဲ့သည့် ပထမဦးဆုံး မြန်မာသံအရာရှိကြီးတစ်ဦးဖြစ်သည်။
              ပြီးခဲ့သည့်ဇန်န၀ါရီလ၃၁ရက်နေ့ကထိုင်းအမျိုးသမီးတစ်ဦးအိမ်မွေးကြောင် ပျောက်ဆုံးရာကိုလိုက်လံရှာဖွေ
ရင်း ခွေးလှောင်အိမ်ထဲတွင်ထိတ်လန့်စိုးရိမ်နေသည့်လူမမယ်ကလေးကရင်မလေးအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက်ရဲများကိုအကြောင်းကြားခဲ့သဖြင့် ကမ်ဖိုင်ဖစ်မြို့ မဟာချိုင်ရပ်ကွက် အမှတ် ၁၉၃ တွင်နေထိုင် သည့် နန်းရတ်နာ့ကန် အသက် ၃၃ နှစ်နှင့်ခင်ပွန်းဖြစ်သူ နိုင်းယွန်းထိဒိုင်းအွန် အသက် ၃၅ ကို ဖမ်းဆီး ခဲ့သည်။

    မအဲ ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကြက်တူရွေးရွာမှဦးတင်အောင်နှင့် ဒေါ်မူးအွာသိန်း
တို့က ထိုင်းနိုင်ငံအတွင်းမွေးဖွားခဲ့သူဖြစ်သည်။ မအဲ သည် အသက် ၇ နှစ်ခန့် က  မိဘများနှင့်အတူ ဆိုင်းငမ်းရွာက ကြံခင်းတစ်ခုထဲတွင် အလုပ်လုပ်နေစဉ် ထိုင်းလင်မယား ၂ ဦးက ကားဖြင့် ဖြားယောင်း ခေါ်ဆောင်သွားပြီး  ၅နှစ်ကျော်ကြာ အခန်းပိတ်လှောင်နှိပ်စက် ခိုင်းစေခဲ့သည်။ ကလေး၏ မိဘများမှာ ကလေးကို ခေါ်ဆောင်သွားသည့် လုပ်ငန်းရှင်၏ သြဇာကြီးမားမှုကို ကြောက်သဖြင့် မိမိတို့၏ သမီးကို တွေ့ ခွင့်ရအောင် မကြိုးစားနိုင်ခဲ့ကြောင်း ကယ်ဆယ် ရေးစခန်းသို့ရောက်ရှိလာစဉ် သတင်းထောက်များ ကိုပြောသည်။
မိန်းကလေးငယ်သည် လွန်ခဲ့သည့် ၃ နှစ်ခန့်က နှိမ်စက်ခံရလွန်းသဖြင့် အလုပ်ရှင် အိမ်မှ ထွက်ပြေး ခဲ့ဖူးသည်။ သို့ရာတွင် ထိုင်းရဲက ဖမ်းဆီး၍ ထိုနေအိမ်သို့ ပြန်ပို့ခဲ့သည်။
ထိုသို့ ထွက်ပြေးခြင်းကြောင့် မိန်းကလေး၏ ဦးခေါင်းကို နံရံနှင့်ဆောင့်ပြီး နားရွက်ကို ကပ်ကြေး
ဖြင့်ညှပ်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖေါ်ပြထားသည်။
စေခိုင်းသည့် အတိုင်း မလုပ်ပါက ထိုင်း လင်မယားက ရက်စက်စွာ နှိပ်စက်ခဲ့ကြောင်း၊ ခန္ဓာကိုယ် အနှံ့ ရေနွေးပူဖြင့် ပက်ခြင်းများ ပြုလုပ်ခဲ့သည်။ ခွေးလှောင်အိမ် အတွင်း   ထည့်ထားခြင်း၊ စသည့်လူမဆန်သည့် ရက်မှုများဖြင့်ပြုလုပ်ခဲ့ကြောင်းထိုင်းသတင်းများတွင်ဖေါ်ပြသည်။
သက္ကရာဇ် ၂၀၀၀ ၀န်ကျင်ကလည်း မစိုး ဆိုသည့် အိမ်ဖေါ်အလုပ်သမ ငယ်တစ်ဦးအား ထိုင်းအိမ်ရှင်က ဓါတ်ဆီလောင်း၍ရက်ရက်စက်စက် မီးရှိုးသတ်ဖြတ်ခဲ့သည့် သာဓကများ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်ခဲ့ဖူးသည်။

Thursday 7 February 2013

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၅

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၅ အား ကာလာစုံဖြင့် ဖတ်ရှုနိုင်ပါပြီး။

Saturday 2 February 2013

“MOU အလုပ်သမ ၂ဦးအား ကျပ်ငွေ ၂သိန်း ကုမ္ပဏီက ပြန်ပေး”


၂၀၁၃- ဖေဖေါ်ဝါရီလ ၃
မင်းဘခက်
                နယ်စပ်သို့ပြန်လည်ပို့ဆောင်ခံခဲ့ရသည့် MOU အလုပ်သမား၂ဦး အား မြ၀တီ ကျောက်လုံးကြီးစခန်းရှိရဲဝံ့နဂါး ကုမ္ပဏီက ကျပ်ငွေနှစ်သိန်း ထုတ်ပေးခြင်းမှာ MOU လုပ်ငန်းစဉ်အတွင်း ပထမဦးဆုံးဖြစ်ရပ်ဖြစ်သည်။
         နှစ်နိုင်ငံအစိုးရ သဘောတူညီမှု  နားလည်မှုစာချွန်လွှာ  MOU  ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့သည့်အလုပ်သမားအချို့တစ်လကျော် ကြာသည့်တိုင်အောင် ကုမ္ပဏီက အလုပ်မပေးနိုင်သဖြင့် အလုပ်သမား၆ဦး အား ယမန်နေ့ ကနယ်စပ်သို့ပြန်ပို့ရာ အလုပ်သမား ၂ဦးအား မြ၀တီ MOU ပတ်စပို့ ကုမ္ပဏီက ကျပ်ငွေ နှစ်သိန်း ပြန်လည်ပေးအပ်လိုက်ကြောင်း အလုပ်သမညီမနှစ်ဦးကပြောသည်။
ပြန်ပို့ခံရသူများမှာ
(၁) မဲမဦး၊ အသက်။     ။ ၃၁ နှစ်   ။ မင်းပြားမြို့နယ်၊ ငဇင်ရိုင်းချောင်းရွာ   (၁၀၀၀၀၀ ကျပ်ပြန်ရ)
(၂) တင်တင်ဝင်း   အသက်၂၄ နှစ်။မင်းပြားမြို့နယ်၊ငဇင်ရိုင်းချောင်းရွာ    (၁၀၀၀၀၀ကျပ်ပြန်ရ)
(၃) ခင်စောမေ   အသက်။    ။ ၃၀ နှစ်။ မြောက်ဦးမြို့နယ်၊အကြီးဒေါ်မရွာ
(၄) ခိုင်မြသန်း    အသက်။     ။ ၂၇ နှစ်။ မြောက်ဦးမြို့နယ်၊အကြီးဒေါ်မရွာ
(၅) မစိုးစိုးထိုက် ။     ။ ဧရာဝတီတိုင်း
(၆) နော်လီဇာ  အသက် ၃၁ နှစ် တပ်ကုန်း   တို့ ဖြစ်ကြသည်။

                ငွေပြန်လည်ရရှိသည့် မမဲမဦးက “ မြ၀တီဘက်က ပွဲစားတွေနဲ့ ကုမ္ပဏီတွေက  ထိုင်း ဘက်မှာ အလုပ်အကိုင်တိတိကျကျရှိတာ မရှိတာ စဉ်းစားတာမဟုတ်ဘူး။ ထိုင်းလုပ်ငန်းရှင်တွေကလည်း၂နှစ် ၀ယ်ထားတဲ့ကျွန်လို ပြောင်းချင်ရာပြောင်းမယ်၊ ထပ်ဆင့်ရောင်းတယ်။အဲဒီလိုဖြစ်နေတာ။ ကျမတို့ကို
ကူညီပေးခဲ့ကြတဲ့ မြန်မာသံရုံး  မြန်မာအလုပ်သမားအရာရှိ ဦးကျော်ကျော်လွင်  နဲ့ MAT အဖွဲ့က ဦးကျော်သောင်းတို့ ကို အလွန်ကျေးဇူးတင်ပါတယ်”ဟုပြောသည်။
           မြ၀တီကျောက်လုံကြီးစခန်းတွင် မြန်မာအလုပ်သမားဝန်ကြီးဌာန  ရှေ့တွင် ရဲဝံ့နဂါး ကုမ္ပဏီ မှ
ဦးမြင့်နိုင်က ပိုက်ဆံပေးစဉ် အခြားမည်သူကိုမှ အသိမပေးရန် တားမြစ်လိုက်ကြောင်း အလုပ်သမ ၂ဦးက
ပြောသည်။    
     အခြား အလုပ်သမား ၄ဦးမှာ မဲဆောက်မြို့  ကိုစိုင်း တို့ထံတွင်ရှိနေဆဲဖြစ်သည်။ မခိုင်မြသန်း က MOU
စာအုပ်တစ်အုပ်အား ဘတ်ငွေ ၁၃၀၀၀ ဖြင့်ရွေးမှ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ လုပ်ချင်သလိုလုပ်ပစ်လို့ ရကြောင်း ခြိမ်းခြောက်ထားသဖြင့် မိသားစုနှင့် ဆက်သွယ် စကားပြောနေကြောင်း ဆိုသည်။
         ယခု ပြန်ပို့ခံရသည့်အလုပ်သမားများသည် မြန်မာနိုင်ငံ မြ၀တီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဘုန်းတော်ကြီးကျောင်းအလွန်တွင်ဖွင့်လှစ်ထားသော စိုင်းခမ်းဆိုင်(ခ)ကိုစိုင်း Mission  Myanmar Service  Co,ltd  က  အလုပ်သမာများအား တစ်ဦးစီ ဘတ်ငွေ၃၀၀၀  စီ ယူထားလိုက်သည်။ MOU ပတ်စ ပို့ အတွက် ဘတ်ငွေ ၁၀၀၀၀ ပေးဆပ်ရဦးမည် ဖြစ်သည်။
         ဒီဇင်ဘာလ၁၉ရက်နေ့တွင်မဲဆောက်မှလဘူရီမြို့၊၉ရပ်ကွက်၊ဘန်ထောတွင်ရှိသော ခေါ်နာခေါ်အထည် ချုပ်စက်ရုံသို့အလုပ်သမား၁၅ဦး ပို့ပါသည်။ ၂၁ ရက်နေ့ အလုပ်စတင်လုပ်ရသည်။  စာချုပ်တွင် တစ်နေ့ လျှင်၂၅၁ဘတ် နုန်းပေးမည်ဆို ကာ စာချုပ်ချုပ်ဆိုလာခဲ့ကြသော်လည်း လက်တွေ့ တွင် တစ်နေ့ကို ဘတ်ငွေ တစ်ရာသာပေးမည် ဟု ပြောခဲ့ပါသည်။ သို့ရာတွင် အလုပ်သမားများ ချုပ်ကြပါသည်။
    နောက်ပိုင်းတွင် ရက်ကျ မပေးနိုင်တော့ပဲ ပုတ်ပြတ်သာပေးမည်ဟုပြောဆိုလာခဲ့ပါသည်။ ထို့ကြောင့်
အလုပ်သမား ၈ဦးတို့ အား ရဲဝံ့နဂါးဂုမ္ပဏီမှ လာရောက်ခေါ်သွားခဲ့သည်။ ကျန် ၇ဦးအနက် အသက် ၂၀ ကျော်အရွယ် ကရင်လူငယ် ကိုမျိုးဇင် မှာ ထွက်ပြေးသွားခဲ့ပါသည်။

“အလုပ်ဖြစ်နိုင်တဲ့နည်းလမ်း”

                                               “အလုပ်သမားတွေရဲ့ဆန္ဒ”
         အလုပ်သမားတိုင်း ထိုင်းနိုင်ငံအတွင်းမှာ  တရားဝင်အလုပ်လုပ်ချင်ကြပါတယ်။  ဒါပေမယ့် ယခုလုပ် လာမယ့်ပတ်စပို့လုပ်ငန်းစဉ်က အကုန် အကျ အလွန်များလွန်းနေတာကြောင့် မလုပ်နိုင်တဲ့ အလုပ်သမား တွေ အများကြီးဖြစ်မယ်ထင်ပါတယ်။ ဘယ်ပွဲစားကုမ္ပဏီအတွက်မှမပါသေးပဲ၊ ၀န်ထမ်း   တွေ အတွက် အဖိုးအခ လုံးဝမပါပဲ။
  ကျမ္မာရေးစောင့်ရှောက်ခ+သွေးစစ်ခ= ၁၉၀၀ ဘတ်
                       Work permit၂နှစ်စာ= ၃၈၀၀ ဘတ်
ထိုင်းအလုပ်သမား ၀န်ကြီးဌာန  ရံပုံငွေ=  ၆၀၀ ဘတ်
                              မြန်မာပတ်စပို့ခ=   ၅၅၀ ဘတ်
                     ထိုင်းပြည်ဝင်ခွင့် ဗီဇာခ=  ၅၀၀ ဘတ်
                                                   . . . . . . .
  ပွဲစားခ+ကုမ္ပဏီဈေး  မပါသေးပဲ      = ၇၃၅၀ ဘတ် ကုန်ကျနေပြီးဖြစ်ပါတယ်။
အနည်းဆုံးဘတ်ငွေ၁၀၀၀၀မကုန်ပဲ မြန်မာအလုပ်သမားတစ်ယောက်ပတ်စပို့လုပ်လို့မရနိုင်ပါ။ နေအိမ်တိုင်း အလုပ်ရုံတိုင်းမှာ ပွဲစားတွေကြီးစိုးနေတဲ့ မြန်မာအလုပ်သမားအ၀ိုင်းအ၀န်းကြားမှာ အဆင့်ဆင့်အမြတ်ယူ လိုက်ကြရင် ဘယ်လောက်အထိ ဈေးနုန်းဖြစ်သွားနိုင်တယ်ဆိုတာ ခန့်မှန်း၍သာကြည့်ကြပါကုန်။
                 ထိုင်းနဲ့မြန်မာအစိုးရတို့ ပြောနေကြတဲ့“ မြန်မာအလုပ်သမားတွေအားလုံး တရားဝင်အလုပ် သမားတွေဖြစ်ကြ စေချင်တယ်”ဆိုတဲ့စကားက... နို့၊ ထောပတ်၊သကြား၊ကြက်ဥတွေ  ရောသမမွှေပြီး
  ပြောတာ ဖြစ်တာကြောင့် နားထဲမှာ အရာသာရှိပါတယ်။ တကယ့်လက်တွေ့မှာ ဒီလောက်များပြားတဲ့ ငွေ ပမာဏကိုမြန်မာအလုပ်သမားတွေအားလုံး တတ်နိုင်ဖို့ဆိုတာ တကယ်မဖြစ်နိုင်ပါ။              ထိုင်းရဲအရာရှိကြီးတွေ ပိုင်ဆိုင်တဲ့အလုပ်ရုံတွေနဲ့ မဟာချိုင်က PP group က သွင်းထားတဲ့ အလုပ်
ရုံကြီးတွေမှာဆိုရင် ပတ်စပို့လုပ်ခ ဘတ်ငွေ ၂၀၃၀၀ ပေးရမယ်ဆိုပြီး ငွေဖြတ်နေပြီလို့သိရပါတယ်။ ဒီအလုပ်
သမားတွေမှာ ပြေးစရာ မြေမရှိပါ။ လည်ပင်းကိုညှစ်ရုံမက နင်းသတ်လည်းခံရုံပဲ။

                                               “အလုပ်ဖြစ်နိုင်တဲ့နည်းလမ်း”
အလုပ်လုပ်ကိုင်ခွင့် work permit ကိုနောက်မှလုပ်ပါ။ လောလောဆယ် ပတ်စပို့နဲ့ သွေးစစ်ထားရင် မြန်မာ
အလုပ်သမားတွေက အလုပ်လုပ်လာကြမှာပဲလေ။ ဘတ်ငွေငါးထောင်အောက်မှာ ကုန်ကျမှာ မို့ မြန်မာ အလုပ်သမားတိုင်းလုပ်လာမှာသေချာပါတယ်။ ခုဖြစ်နေတာက သူဌေးရှိမှ ပတ်စပို့လုပ်ရမယ်ဆိုတော့ အဲဒီအမည်ခံသူဌေး(အလုပ်ခေါ်စာ/ကိုတာ) ကို ကုမ္ပဏီတွေက ၀ယ်ပြီးမှ လုပ်ကြရတော့မယ်။ အဲဒီမှာ အလုပ်သမားတွေ သေဆေးနဲ့ တွေ့ တော့တာပဲ။
           လက်ရှိလုပ်နေတဲ့လုပ်ငန်းရှင်က အစကနေမလုပ်ပေးချင်ကြဘူး။  ပတ်စပို့ ကိုအပြင်ကလုပ်လာခဲ့ လက်ခံပေးမယ်။ ဒီသဘော။ ဆိုတော့ သူတို့လုပ်နေတဲ့သူဌေးက အလုပ်သမားရုံးမှာသွား လက်ခံလိုက်တာ နဲ့ ကိစ္စကပြတ်ပြီးလေ။ နောက်မှWork permit လုပ်ပေါ့။ ဖြစ်သင့်တာက ဒီအတိုင်းလေ။ လုပ်အားခနည်း
နည်းနဲ့ အလုပ်ကြမ်းလာလုပ်ကြရတဲ့ မြန်မာအလုပ်သမားတွေကို တရားဝင်နေထိုင်ခွင့်  နဲ့ ဆေးဝါးကုသ
ခွင့်တွေ လုပ်ထားတာလောက်ဆိုရင် လုံလောက်ပါပြီ။ တစ်နေ့ ကို ၁၀ ဒေါ်လာ(ဘတ် ၃၀၀) သာရရှိ
တဲ့ မြန်မာအလုပ်သမားတွေဆကို work permit လုပ်ခိုင်းဖို့ မသင့်တော်ပါဘူး။  ဘယ်လောက်ဖြတ်ဖြတ်
ဘယ်လောက်ဖိဖိ ဘယ်လောက်အနိုင်ကျင့်ကျင့် မြန်မာတွေ အလုပ်လုပ်နေကြဦးမယ့် အနေအထားကို
သိနေတဲ့ထိုင်းတွေက ဖြတ်လို့ရသမျှ ဖြတ်နေတာကို မြန်မာအစိုးရ သိသင့်ကြောင်း။   ။