Friday 29 March 2013

“ပတ်စပို့စာအုပ်ကိုပြန်ပေးဆွဲ”

                                        ၂၀၁၃ မတ်လ၂၉
မြတ်ညို(အလွတ်သတင်းထောက်)
                  ဘန်ကောက်မြို့ဖက်ကဆင် ၉၅ လမ်း စွယ်ဖစ္စဖစ် အပြာတိုက်တွင်နေထိုင်သည့်  အလုပ်သမားတစ်ဦး ကမိမိ၏ ပတ်စပို့ စာအုပ်အား ပြန်ပေးဆွဲခံထားရကြောင်း ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ကိုသန်းဇေါ်ဌေး ညဆိုင်းအလုပ်လုပ်သဖြင့် နေလည်ဘက် အိပ်မောကျနေစဉ် ပိုက်ဆံအိပ်၊ လက်ကိုင်ဖုန်းနှင့် ပတ်စပို့တို့ ခိုးယူခံခဲ့ရသည်။
ကိုသန်းဇေါ်ဌေးက “ကျနော်တို့နေတဲ့ နေရာနားမှာ ကုန်စုံဆိုင်   ရောင်းတဲ့ထိုင်းလူမျိုးရှိတယ်လေ။ သူက ဒီနေ့ မနက်က မေး တယ်။ မင်း ပတ်စပို့ပျောက်သွားတယ်မနား၊ ပိုက်ဆံသုံးထောင်
 ပေးခဲ့၊နောက်နေ့ ပတ်စပို့လာယူတဲ့။ ကျနော်တို့ အခြေအနေက ဒီလိုဗျ" ဟုပြောသည်။
အုန်းနွဲ့ အလုပ်သမားစာကြည့်တိုက်မှ ကိုတင့်က “ဒီလိုဖြစ်တာ ဒီတစ်ယောက်ပါဆိုရင် ၈ ယောက်ရှိပြီ၊ပတ်စပို့ ကိုခိုးတယ်၊ နှိုက်တယ်၊ ဘတ် ၃၀၀၀ ပေးမှ  ပတ်စပို့စာ အုပ်ကိုပြန်ပေးတယ်၊ ထိထိရောက်အရေးမယူနိုင်ရင် ဒီထက် ပိုဆိုးဖို့ရှိတယ်”ဟုပြောသည်။
 ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ကလည်း ရာဇ၀တ်မှုဖြစ်နေသဖြင့် ကူညီပေးနိုင်မည့် ထိုင်းအင်
ဂျီအို အဖွဲ့အစည်းကြီးများနှင့် မြန်မာသံရုံးတို့သို့ အသိပေး အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။





Monday 25 March 2013

“အင်အားကြီးသူတို့ သတ်ပစ်ချင်အောင် မုန်းတီးစေနိုင်တဲ့လုပ်ငန်းကိုကျွန်ုပ်တို့ဘာကြောင့်လုပ်ကိုင်နေကြ သလဲ”

ကျော်သောင်း

ခေတ်ကောင်းတုန်းပညာရှာ ခေတ်ပျက်တုန်း စီပွား ရှာ တဲ့။ ငယ်ငယ်ကကြားဖူးတဲ့စကား။ ယခုကော. ……
          ခေတ်ပျက်ကြီးမှတကယ့်ခေတ်ပျက်ကြီး။   ခေတ်ပျက်တဲ့အထဲ အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးခံနေရတဲ့အရှေ့တောင်အာရှတိုက် ရဲ့အရှိန် အဟုန်ပြင်းပြင်းနဲ့ တိုးတက်နေတဲ့စီးပွားရေး။ ထို အထဲ စာရိတ္တလည်း မွဲ၊ ပညာလည်းမွဲ၊ အရင်းအနှီး လည်းမွဲ၊ အီသီယိုပီးယီးယားနဲ့ နံပါတ်တူ နီးပါ မြန် မာနိုင်ငံ။
               ဒီနိုင်ငံမှာ နှစ်ပေါင်း၆၀ လောက်အာဏာရှင် စနစ် ကထွန်းကားခဲ့တော့လူတိုင်းနီးပါး တို့ရဲ့ရိုး တွင်းခြင် ဆီထဲမှာ  ဘယ်နည်းနဲ့ရရ ဆိုတဲ့ သူခိုးစိတ်က စွဲနေ ခဲ့ပြီ။ မိမိရဲ့လုပ်ရပ်ကို တရားသည် မတရားသည်၊ လုပ်သင့်မလုပ်သင့် မစဉ်းစားကြတော့ပဲ မြတ်ရင်၊ ရရင်ပြီးရော့ဆိုတဲ့ အဓမ္မ၀ါဒတွေနဲ့ ထမင်းရှာစားခဲ့ကြ တယ်။ ၉၀ ရာခိုင်းနုန်းလောက်သော ဗုဒ္ဓဘာသာ   မြန်မာနိုင်ငံသားတွေပါလို့ ပြောဖို့တောင် ရှက်ဖွယ် လိလိဖြစ်နေရတယ်။
          အသိဉာဏ်တုံး လူညွန့်တုံး၊ ပေးတာယူ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ။ အမိန့်မပေးရင် ဘာမှမလုပ်။
အထက်ကအမိန့်ပေးရင် မစင်ပုံ မှောက်လျှက် ဒိုက်ထိုးတဲ့  ခေတ်ဆိုးခေတ်ယုတ်ကို ဖြတ်သန်းခဲ့ရတာ
ကြောင့် မြန်မာနိုင်ငံသားတွေ သူတပါး ကျွန်ဖြစ်နေခဲ့ကြရတာ။
            ၁၈ ရာစုမှာ လက်နက်အင်အားကြီးမားတဲ့ နိုင်ငံက အားအားချိနဲတဲ့နိုင်ငံတွေကို သိမ်းပိုက်ပြီး ကျွန်
ပြုတယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစုကိုရောက်လာတော့ ပေါ်လစီကောင်းတဲ့ တိုင်းပြည်က ချမ်းသာတိုးတက်လာ
တယ်။ ၁၉၅၀ ၀န်ကျင်တုန်းက မဲဆောက်က ထိုင်းလူမျိုးတွေ ကားကိုမမြင်ဖူးလို့ မြ၀တီဘက်က ကားကို လှမ်းကြည့်ခဲ့ကြရတယ်။ ခုတော့ နိုင်ငံကို လာသိမ်းစရာမလိုပဲ မြန်မာနိုင်ငံသားတွေ သုံးသန်းကျော်လောက် ထိုင်းကိုလာပြီးတော့ ကျွန်ခံရတဲ့အဆင့်ဖြစ်သွားခဲ့တယ်။
             ၁၉၉၅ နောက်ပိုင်းလောက်မှာထိုင်းအစိုးရ ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကို တရား ၀င်နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)လုပ်ပေးခဲ့ တယ်။ ဒီအကျိုးအမြတ်ကို သိရှိလာခဲ့တဲ့ ထိုင်းအစိုးရ ဟာ ၂၀၀၀ ပြည်လွန်နှစ်တွေရောက်တော့ ယာယီ ပတ်စပို့နဲ့ အလုပ်လုပ်ကိုင်ခွင့် work permit ဆိုပြီး  ယခင် (ဘတ်)ထက် ကုန်ကျငွေ၂ဆမှ ၄လအထိ အကုန်အကျများတဲ့ လုပ်ငန်းစဉ်ကို မြန်မာအစိုးရ နဲ့ ပူးပေါင်း လုပ်ကိုင်ခဲ့တယ်။
        ၂၀၀၅-၂၀၀၆ လောက်ကစပြီးတော့ နှစ်နိုင်ငံ အစိုးရ နားလည်မှုစာချွန်လွှာMOU ကို အင်တိုက်
အားတိုက် လုပ်ကိုင်လာခဲ့ကြတယ်။ အဲဒီမှာ တရားမ၀င် လူပွဲစားတွေ၊ လူကုန်ကူးသူတွေ အကုန်လုံးဟာ
ထိုင်းနဲ့ မြန်မာအာဏာတွေပိုင်တွေနဲ့ ပေါင်းပြီးတော့ တရားဝင်လူကုန်ကူးတော့တာပါပဲ။
              တရားမ၀င်လူကုန်ကူးခံထားရသူကို ကျနော်တို့က ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့
တွေနဲ့ ပူးပေါင်းပြီးတော့ ကယ်ထုတ်လို့ ချေမှုန်းလို့ရပါတယ်။ MOUနဲ့တရားဝင်လူကုန်ကူးထားတာကျ တော့ အဲဒီလိုလုပ်လို့မရတော့ဘူး။ G to G လို့ခေါ်တဲ့ အစိုးရအချင်းချင်း လုပ်ထားတာဖြစ်တယ်ဆိုတဲ့အကာ အကွယ်ကိုယူပြီး တရားဝင်လူကုန်ကူးသူတွေဟာ စီးပွားရေး သောင်းကျန်းကြတော့တာပဲ။
            တရားဝင်လူကုန်ကူးခွင့် MOU လိုင်စင်ယူထားကြသူတွေဟာ ထိုင်းနဲ့ မြန်မာအစိုးရ တို့ဘက်က
အလုပ်သမားနဲ့ ပတ်သက်တဲ့ လုပ်ကိုင်ခွင့်အပြည့်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ဥပဒေကိုလက်တစ်လုံးခြား
မဟုတ်ပဲ တောင်တစ်လုံးခြား လုပ်ကိုင်လာကြတာကို တွေ့မြင်လာရပါတယ်။
                 မြန်မာအလုပ်သမားရေးအရာရှိ၊ ထိုင်းအလုပ်သမားရေးအရာရှိနဲ့ MOU ကုမ္ပဏီပိုင်ရှင်တွေဟာ
ထိုင်းနိုင်ငံဘန်ကောက်မြို့နဲ့ အခြားနေရာတွေမှာစာချုပ်ပါစည်းကမ်းအတိုင်းမဟုတ်ပဲဘတ်ငွေ နှစ်သောင်း
ကျော်ဖြတ်ခံနေရသူတွေ၊ အချိန်ပိုလုပ်ပေးနေရတာတွေ၊ ငြမ်းစင်ပေါ်ကပြုတ်ကျလို့ လက်ကျိုးခြေကျိုးတွေ၊
သေသွားသူတွေ၊ မျက်လုံးကမ်းသွားသူတွေ၊ လက်ပြတ် ခြေပြတ်တွေ တစ်ပုံကြီးရှိတာကို ခုထိ တစ်ခုမှ ဖြေ
ရှင်းပေးတာမရှိဘူး။
             မြန်မာအစိုးရက MOU ကုမ္ပဏီတွေကို အလုပ်သမား တစ်ယောက်အတွက် ကျပ်ငွေ တစ်သိန်း
ထက်ပိုမယူရလို့ သတ်မှတ်ထားသလို၊ ထိုင်းအစိုးရကလည်း ဘတ်ငွေ တစ်သောင်းထက် အပိုမယူရလို့
တရားဝင် စည်းကမ်းသတ်မှတ်ထားပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းကို တစ်သိန်းထက်မနည်းရောက်နေ
ရှိနေကြပြီးဖြစ်တဲ့ MOU အလုပ်သမားတိုင်းကိုမေးကြည့်ပါ။ ဘယ်လောက်ပေးရသလဲဆိုတာ သိပါလိမ့်မယ်။
                ဘယ်လောက်အထိ အတင့်ရဲလာကြသလဲဆိုရင် ဒီမန်းလို့ခေါ်တဲ့ အလုပ်သမားခေါ်စာအတု၊
ကျောက်လုံးကြီးမှာ စာချုပ်မှာလက်မှတ်ထိုးစရာမလို၊ ကုန်ကုန်ပြောလိုက်မယ်။ လက်မှတ်ထိုးစရာမလိုပဲ
MOU ပတ်စပို့တွေ ရာချီပြီး လုပ်လို့ရတဲ့ အဆင့်အထိ ဖြစ်လာတာကတော့ အလွန်စိတ်ပျက်ဖွယ်ရာဖြစ်ပါ
တယ်။ နိုင်ငံကူးလက်မှတ်ဆိုတာက ဒီလောက်အထိ  ပစ္စလက်ခတ်ဖြစ်သွားသင့်သလား?။ နိုင်ငံတော်အဆင့်
စာအုပ်စာတမ်းက ဒီလောက်အထိ စီးပွားရေး သောင်းကျန်းခွင့်ပြုထားပြီးလား။
        ကျနော်တို့ MAT အဖွဲ့သားတွေဟာ လူကုန်ကူးခံရသူတွေကို ကယ်ထုတ်တော့ ထိုင်းလုပ်ငန်းရှင်တွေ
နဲ့ ပွဲစားတွေက ပစ်သတ်ချင်ကြတယ်။ တရားဝင်လူကုန်ကူးနေကြတဲ့ MOU ကိစ္စတွေကို သွားကူညီတော့
လည်း “MAT၀င်ရှုတ်တယ်” ဆိုပြီး မြန်မာနဲ့ထိုင်း အလုပ်သမားအရာရှိတွေက စိတ်ဆိုးကြပြန်တယ်။
     မြန်မာအစိုးရ ကိုယ်တိုင်က မတရားခံနေရတဲ့ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိထိရောက်ရောက်
မာမာဆာဆာ အကာအကွယ်မပေးနိုင်သရွေ့တော့ မြန်မာအလုပ်သမားတွေအတွက် လုံခြုံစိတ်ချရတဲ့ လူ သားအဖြစ်ကို ရရှိဖို့ မလွယ်ပါ။ ၀ယ်ထားတဲ့ ခိုင်းနွားတစ်ကောင်ထက် ဆိုးဝါးနေမှာပါ။
           ကျနော်တို့ကို တရားဝင်လူကုန်ကူးနေတဲ့MOU ကုမ္ပဏီတွေကော တရားမ၀င်လူကုန်ကူးသူတွေပါ “သတ်ပစ်ချင်အောင် မုန်းတီးစေနိုင်တဲ့လုပ်ငန်းကို ကျွန်ုတို့ ဘာကြောင့်လုပ်ကိုင်နေကြ သလဲ”၊  ငွေအား၊ အာဏာအားကြီးတဲ့ လူကုန်ကူးသူတွေ မတရား လုပ်ထားကြ တာတွေကို၊ ဘာကြောင့် ဖေါ်ထုတ်အရေးယူေ နကြသလဲ။ ကျောက်နံရံကို ခေါင်းနဲ့သွားဆောင့်သလိုဖြစ်နေသလား?။
                ရုံးကိုစုံစမ်း၊ လူနေရာကိုစုံစမ်းပြီး ပစ်သတ်ဖို့ကြံစည်ခံခဲ့ရတာကိုတောင် ဘာကြောင့် ကျနော်
တို့ဆက်လက်လုပ်ဆောင်ချင်ရတာလဲ? အန္တရာယ်များပြီး အကာအကွယ်လည်းမရှိ၊ လစာလည်းမရှိပဲ ကျနော်တို့ MAT အဖွဲ့သားတွေ၊ ဘယ်လောက်ကြာကြာများ လုပ်နိုင်မလဲ? လို့ လူကုန်ကူးသူတွေက   စောင့်ကြည့်နေမှာတော့အမှန်ပဲ။    ။

Sunday 24 March 2013

“ရက်စက်ဆုံးအကြမ်းကြုတ်ဆုံး လူကုန်ကူးသူများလက်ထဲမှ မြန်မာအလုပ်သမား ၂၉ ဦးအား ကယ်တင်”



၂၀၁၃ ခု မတ်လ ၂၄
ကိုတီ
                   ငါးဖမ်းစက်လှေပေါ်တွင် အလုပ်မလုပ် လိုကြောင်း ငြင်းဆိုသူများ၊ထွက်ပြေး သူများကို နှိပ် စက်ပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် ထိုင်းနိုင်ငံတောင်ပိုင်းတရံငါးဖမ်းလှေဆိပ် ရှိလူကုန် ကူးမှုဂိုဏ်းသားများလက်ထဲမှ၂ကြိမ်အတွင်း  မြန်မာ အလုပ်သမား ၂၉ ဦးအား ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။
            ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ဘန်ကောက်မြို့တောင်ဖက် ကီလိုမီတာ ၈၆၄ အကွာတွင် ရှိသော ထိုင်းတောင်ပိုင်း၊ မလေးရှားနယ်စပ်အနီး တရံပြည်နယ်၊ ကတန်မြို့နယ်၊  တရံမြို့ ၀ှဲမင်း လှေဆိပ်  လှေအမှတ် (၈၈၈)မှ ၁၁ ဦး၊ နှင့်၂၃ ရက်နေ့တွင် ၃ဦး တို့ကို ပူးပေါင်း အဖွဲ့များက ကယ်တင်နိုင်ခဲ့ကြသည်။
        မတ်လ ၁၀ ရက်နေ့ကလည်း ၎င်းဆိပ်ကမ်း ဖယ်ကိုကာ လှေဆိပ်မှ ၂၀၁၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ က လှေအမှတ် (၂၀) မှ အလုပ်သမား ၁၅ ဦး နှင့် လူကုန်ကူးသည့် ဂိုဏ်းအဖွဲ့ဝင် အေးမြင့် တို့ကို လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။ သို့ရာတွင် ဂိုဏ်းခေါင်းဆောင် ကိုမျိုးမှာမူ ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည်။ ထိုင်းရဲ
များက ကိုမျိုးအား ဖမ်းဝရမ်းထုတ်ထားကြောင်း စာရွက်စာတမ်းများကို MAT အဖွဲ့သို့ ပြသပါသည်။
            ငါးဖမ်းလှေပေါ်တွင် အလုပ်မလုပ်နိုင်ကြောင်း ငြင်းဆန်သဖြင့် လူကုန်ကူးသူများ ဓါးဖြင့် ၀ိုင်းခုတ် သတ်သဖြင့် လက်နှင့် လည်ပင်းတို့တွင် ဒဏ်ရာရရှိခဲ့သူ၊ ဒဏ်ရာများကြောင့် ၆လကျော်ကျော်နားနေခဲ့ရသူ
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း(၆) ရပ်ကွက် မှ အသက်၃၀ အရွယ်  ကိုစန်းထိုက်ဝင်း က “
 ကျနော် လှေမှာ ၅လနဲ့၂၄ရက် လုပ်ခဲ့ပါတယ်။ ပွဲစားတွေခုတ်တဲ့ဒဏ်ရာကြောင့် လာသမျှလူတွေကို ထမင်း ချက်ကျွေးတဲ့အလုပ်ကို ၇လလုပ်ခဲ့ရတယ်။ ကျနော် ရှိနေတုန်း ကျနော့်မျက်စိအောက်မှာ၇ယောက် လောက် သတ်တာကို မြင့်တွေ့ခဲ့ရတယ်။ ထွက်ပြေးတဲ့ ၃ယောက်ကို အခန်းထဲမှာ တပြိုင်တည်း သေအောင် ၀ိုင်းသတ် တယ်။ နောက်တစ်ယောက်ကို ထုတ်တန်းမှာ ကြိုချည်ပြီး လည်ပင်းကြိုးကွင်းစွတ် သတ်ပစ်တယ်။ နောက် တစ်ယောက်က ကော်စေ့သေနတ်နဲ့ နားထင်ကိုပစ်သတ်တယ်။  နောက်တစ်ယောက်ကို သတ်ပုံ ကတော့ ထူးဆန်းတယ်။ သစ်ပင်မှာကြိုးချည်ပြီး ခါချဉ်အုံးကို ပစ်ချလိုက်တယ်။ခါချဉ်ကိုက်လို့နာလို့အော်တော့ စက္ကူကို ရေနဲ့ လုံးထွေးပြီး ပါးစပ်ထဲထိုး ထည့်လိုက်တယ်။   ပြီးတော့ ဂိုဏ်းခေါင်းဆောင် ကိုမျိုး ကိုယ်တိုင် အဲဒီလူကို ဗိုက်ကိုခွဲတယ်၊ ခွဲထားတဲ့ဗိုက်ထဲကို ဘောပင်ကိုမီးရှို့ပြီး ကော်စက်တွေချပြီး သတ်ပစ် တယ်။သူတို့ ဂိုဏ်းသား အချင်းချင်း တစ်ယောက်ကို အလုပ်သမား ၂ယောက် ထွက်ပြေးနိုင်အောင် ကူညီပေးတယ် ဆိုပြီး ခြေထောက်ကို သံတွေ၊ ခဲတွေတွဲပြီး ရေထဲပစ်ချလိုက်တယ်၊ ကရင်မလေးတစ် ယောက်ကို ၄ ယောက် ၀ိုင်းပြီး အဓမ္မပြုကျင့်ကြတယ်၊ ပြီးရင် သတ်ပစ်လိုက်ကြ တယ်” ဟုပြောသည်။ 
ငါးဖမ်းလှေတွင် ၅လနှင့် ၂၅ ရက် အလုပ်လုပ်ကိုင်ခဲ့သည့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊၀ဲပျံကျေးရွာ မှ အသက်  ၄၆ နှစ်အရွယ် ကိုခင်ဇေါ်ဝင်း က ငါးဖမ်းလှေ ကတက်လာပြီးနောက် သူနှင့်အခြား ၂ ဦးတို့ ရဲအရာရှိတစ်ဦးပိုင်ဆိုင်သည့် ရာဘာခြံတွင် အခကြေးငွေ မရရှိပဲ ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခဲ့ရကြောင်း ပြောသည်။ သူကဆက်လက်ပြောပြရာတွင် “လှေပိုင် ရှင်ငှါးရမ်းပေး ထားတဲ့အခန်းထဲမှာပါ။ အလုပ်သမား ၇ယောက် နယ်စပ်က ခေါ်လာတယ်။ သူတို့တွေက ငါးဖမ်းလှေ မလိုက်ချင်ဘူးလို့ငြင်းကြ တယ်။ အဲဒီမှာ ရှေ့ကနေ ဦးဆောင်ပြောတဲ့အသက် ၂၀ လောက်ရှိတဲ့ ဗမာ ကလေးတစ်ယောက်ကို သူတို့ ရှေ့မှာပဲ တုတ်နဲ့ ခေါင်းကို သေအောင်ရိုက်သတ်ပြလိုက်တယ်။ ကျနော် တို့ ဒီဘ၀မှာ ဘယ်လိုမှ လွတ်မြောက်စရာ လမ်းမမြင်ပဲ ကိုယ့်ကို ဘ၀ဆုံးပြီးလို့ ထင်ထားခဲ့ပါတယ်။ ဆရာ ဦးကျော်သောင်းတို့ လာကယ်လို့ လွတ်မြောက်လာတာ၊ တစ်သက်လုံး ကျေးဇူးတင် ပါတယ် ဗျာ” ဟုပြော သည်။
           ယခင်ပျားပန်းခတ်မှုစည်ကားနေသည့် တရံငါးဖမ်းလှေဆိပ်သည် MAT အဖွဲ့တို့ ရောက်ရှိသွားချိန်
က လုံးဝငြိမ်သက်နေသည်။ ၂ပတ်အတွင်း ငါးဖမ်းလှေ ၃စီးမှ ရောင်းစားခံထားရသည့် အထူးသဖြင့် မင်းမဲ့
စရိတ်ဆန်ဆန် ကြမ်းတမ်းရက်စက်သည့် လူကုန်ကူးသူများလက်မှ ကယ်ထုတ်နိုင်ခဲ့သဖြင့် ဒေသခံအချို့
မှာမည်သည့်အဖွဲ့အစည်း၏ စွမ်းဆောင်ချက်မှန်းမသိ စိုးရိမ်ထိတ်လန့်နေဟန် များမြင်တွေ့ရသည်။
          ထို့အပြင် ဒေသခံရဲအရာရှိကြီးများမှာ MAT အဖွဲ့ ကရရှိထားသည့် သတင်းအချက်အလက်များ
ဓါတ်ပုံများ၊VDO ကလစ်များကို မြင်တွေ့ရသဖြင့် အထူးအံ့သြနေဟန်လည်း တွေ့ရှိရသည်။
    ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းနိုင်ငံအနှံ့မှာရှိတဲ့
ငါးဖမ်းလှေဆိပ်တွေ အားလုံးနီးပါးမှာ ကျနော်တို့ လူကုန်ကူးခံရသူတွေကို ကယ်ထုတ်ဖူးပါတယ်။ ဒီလောက်
ရက်စက်ကြမ်းကြုတ်တဲ့ဂိုဏ်းအဖွဲ့ တော့ဒီတခါပဲ တွေ့ဖူးသေးတယ်။ဒီလူတွေကို နှစ်နိုင်ငံအစိုးရတို့ထိထိ
 ရောက်ရောက်၊ လက်တွေ့ကျကျ ဒီထက် အရေး ယူဆောင်ရွက်ဖို့လိုပါသေးတယ်။ ဒီလှေဆိပ် မှာ နှစ်  ပေါင်းများ စွာ ရောင်းစားခံနေရ သူတွေ နဲ့ ပွဲစားတွေ အခကြေးငွေမပေးပဲ အိမ်အလုပ်ခိုင်း တယ်၊ သားမယားပြုကျင့် တယ်၊ ပွဲစားတိုင်းအိမ်မှာ   မြန်မာမိန်းကလေးတွေရှိနေတယ် လို့ကျနော်တို့ သိခဲ့ရတယ်။     နယ်စပ်နယ်ဖျား ဖြစ်နေပြီး ရောင်းစားခံနေရ တဲ့  မြန်မာတွေထောင်ချီပြီး ရှိနေတယ်လို့ သိခဲ့ရ ပါတယ်။ အစိုးရ မဟုတ်တဲ့ ကျနော်တို့လို သာမန် အဖွဲ့ ကလေးအနေနဲ့ စိတ်မကောင်းရုံးကလွဲပြီး ဘာမှ မတတ်နိုင်ဘူး”ဟုပြောသည်။
              MAT နှင့် ပူးပေါင်းအဖွဲ့တို့သည် ထိုင်းအစိုးရ လူကုန်ကူးမှုအထူးထောက်လှမ်းရေး တပ်ဖွဲ့ DSI နှင့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့ AHTD တို့နှင့် ပူးပေါင်းလျှက် ကမ္ဘောဒီယားနယ်စပ် လှေဆိပ်၊ နာမည်ကြီး ခြုံဘူရီ ချောင်းစမေစံလှေဆိပ်၊ ဘန်ကောက် ခေါင်တိန်လှေဆိပ်၊ မဟာချိုင်လှေဆိပ်၊ မဟာချိုင် အင်ဒိုလှေဆိပ်၊ မေခေါင်တံတားလှေဆိပ်၊ချအမ်လှေဆိပ်၊ ပါနန်းလှေဆိပ်၊နှင့် ငါးပုဇွန် အအေးခန်းများတွင် ပိတ်လှောင်ခိုင်းစေခံနေရသည့် မြန်မာအလုပ်သမားများအပြင်စိုက်ပျိုးရေးခြံတို့တွင် ရောင်းစားခံနေရသူများ
တို့ကိုပါကယ်တင်သည့်အဖွဲ့အစည်းဖြစ်သည်။
           ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေ၏ အားနည်းချက်များသည်လည်းကောင်း၊ လူကုန်
ကူးသူများနှင့် ဒေသခံရဲများမှာ အတူတူတကွ ပူးပေါင်းလုပ်ဆောင်နေကြသည်များကို အထက်အာဏာပိုင်
များက သိရှိကြသော်လည်း လက်ရမိသည့်တိုင်အောင် အပြစ်ပေးအရေးယူခြင်းတစ်စုံတစ်ရာ မရှိသဖြင့်
လူကုန်ကူးမှုမှာ ဆက်လက် ကျယ်ပြန့်နေအုံးမည်ဖြစ်သည်။

Tuesday 19 March 2013

"လက်ပန်တောင်းတောင် မီဒီယာလက်ကျန်VDO"


“အလုပ်သမားနှင့်ပတ်သက်သည့်စာရွက်စာတမ်းများ တောင်းခံရရှိ”

                           
၂၀၁၃ မတ်လ ၁၉
                မင်းဘခက်
ဘန်ကောက်မြို့ ဖိကဆင် ၈၁ လမ်အတွင်ရှိသော PNK & SKY PRINTING CO, LTD စက္ကူ ပုံနှိပ် အလုပ်ရုံ မှ  အလုပ်သမား ဇနီးမောင်နှံ ၂ဦးတို့  အလုပ်ထွက်သွားရာအလုပ်သမား အထောက် အထား စာရွက်စာတမ်းများ တောင်းခံမရခဲ့သည်ကို အလုပ်သမားအဖွဲ့၏ အကူညီဖြင့် ရရှိသွားခဲ့ပြီဖြစ်ေ ကြာင်း သိရှိရသည်။
    ၁ နှစ်ခွဲကျော်ကြာအလုပ်လုပ်ခဲ့သည့်ကိုမြတ်သူရိန်  နှင့် မမိုးသူတို့ အား  အသစ်ဝင်လာသည့် မြန်မာ အလုပ်သမားတစ်ဦးက အနိုင်အထက်ပြုမူခြင်း တို့ကြောင့် မတ်လ ၁၆ ရက်နေ့က အလုပ်ထွက်ခွင့်ကို လုပ်ငန်းရှင်ထံတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မတ်လ ၁၇ ရက်နေ့တွင် စာရွက်စာတမ်းများအား လာယူခဲ့ဟု အလုပ်ပိုင်ရှင်က ပြောဆိုခဲ့သော်လည်း တောင်းခံမရရှိခဲ့ပေ။
       ကိုမြတ်သူရိန် က“ ကျနော်တို့အလုပ်ထွက်လာတော့ ပတ်စပို့ တို့ ၀တ်ပါမစ်တို့ ကိုတောင်းမရဘူး။
အဲဒါ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသာများအဖွဲ့(MAT) ကို အကူညီတောင်းတယ်။ ခုတော့ ကျနော်တို့ အလုပ်အသစ်ရှာနိုင်ပြီ။ အားကိုးရာမဲ့နေကြတဲ့ ကျနော်တို့ အတွက် ကူညီပေးသူတွေကို ကျေးဇူးတင် ပါတယ်”ဟုပြောသည်။
အဆိုပါ စက္ကူ ပုံနှိပ် အလုပ်ရုံတွင် မြန်မာအလုပ်သမား ၁၅ ဦး ဆက်လက်လုပ်ကိုင်လျှက်ရှိသည်။

Monday 18 March 2013

“အလုပ်ထုတ်ခံရသည့်အလုပ်သမားအား လုပ်ငန်းရှင်က ဘတ်ငွေ ၄၂၀၀၀ ပေးလျှော်ရ”

         ၂၀၁၃ မတ်လ ၁၈
မြတ်ညို( အလွတ်သတင်းထောက်)
              မဲဆောက်မြို့SD Fashion Co, Ltd (အရပ် အခေါ်- ချန်ပီယံသိုးမွှေးစက်ရုံ)မှ နံပါတ်တစ် အလုပ် သမားခေါင်းဆောင်  ကိုဇေါ်လေး အား ယမန်နေ့က အလုပ်ဖြုတ်ပစ်ခဲ့သည်။ ထို့ကြောင့်ပူးပေါင်းအဖွဲ့များ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အလုပ်ရှင်က နစ်နာကြေး ၄၂၀၀၀ ဘတ် ပေးချေလိုက်ရကြောင်း ကူညီသူများပြောပြချက်အရသိရှိရသည်။
      အဆိုပါ အလုပ်ရုံမှ မြန်မာအလုပ်သမား ၅၂၁ ဦးတို့ ပတ်စပို့လုပ်ကိုင်ခွင့်ရရှိရေးအတွက် အလုပ်သမား
ခေါင်းဆောင်ကိုဇေါ်လေးသည်မဲဆောက်အခြေစိုက် မြန်မာပြည်သားအရေးပူးတွဲဆောင်ရွက်ရေး ကော်မတီ JACBAဥက္ကဌဦးမိုးကြိုးနှင့် မြန်မာသံရုံးအလုပ်သမားကာကွယ်စောင့်ရှောက်ရေးကော်မတီ နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဦးမိုးကြိုး က“ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးအက်ဥပဒေ (BE- 2541/ 1998) အရ  လုပ်သက်အလိုက် နစ်နာကြေး (၆) လနဲ့ နောက်ဆုံး၁ (ပေါင်း ၇လစာ) နစ်နာကြေးရရှိပါတယ်။ ပူးပေါင်း
ဆောင်ရွက်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ မိုးထဲ လေထဲ အရေးဟယ်အကြောင်း ဟယ်ဆိုရင်
သံရုံးက အလုပ်သမားအရာရှိတွေက ဖုန်းမကိုင်တာခက်တယ်”ဟုပြောသည်။
                ထိုင်းနိုင်ငံ နေရာအနှံ့ အပြားတို့တွင် နေ့စဉ်နေ့တိုင်း အလုပ်သမားများအလုပ်ထုတ်ခံရ
လေ့ရှိသော်လည်း အလုပ်သမားကူညီစောင့်ရှောက်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ အချိန်ကုန်
မခံနိုင်ခြင်းတို့ကြောင့် အလုပ်ထုတ်ပယ်ခံရခြင်း ကိစ္စရပ်များမှာ ထိရောက်သည့် အကာအကွယ်မရရှိနိုင်ပဲ
ရှိသည်။

“မဲဆောက်ပတ်စပို့ မဲဆောက် work permit နဲ့ စူရတ်ဌာနီသို့သွားသူ ပုလိပ်ကိုဘတ် ၂၀၀၀ ပေးရ”

  
၂၀၁၃ မတ်လ ၁၈
မြတ်ညို(အလွတ်သတင်းထောက်)
        မဲဆောက်မြို့တွင် passport နှင့် work permit  လုပ်ကိုင်ထားသည့် အမျိုးသမီး တစ်ဦး မိသားစု
များနေထိုင်သည့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ သို့ လာစဉ် မဲဆောက်အလွန် ခွေးလျှားဦး ဂိတ်တွင်
Re-entery မထုခဲ့ဟုဆိုကာ ဘတ်ငွေ ၂၀၀၀ တောင်းယူလိုက်ကြောင်း၊  အလုပ်သမ  မသီတာနွယ်က
ပြောသည်။
“ ကျမ မတ်လ ၁၆ ရက်နေ့ ကတက်လာတာ အဲဒီဂိတ်ရောက်တော့ ကျမ ကိုဆွဲချတယ်။ ဘတ် ၂၀၀၀ ပေးရမယ်တဲ့ကျမ မှာ ဘတ် ၁၀၀၀ ပဲပါတယ်လို့ပြောတော့ မရဘူးတဲ့။ ကျမ မဲဆောက်ကို ပြန်ဆင်းသွား
ရတယ်။ ကုန်ခဲ့တဲ့ညက ပြန်တက်လာတော့ ဘတ် ၂၀၀၀ ပေးမှ ကျမ ဘန်ကောက်ကို ဆက်လာခွင့်ရ
ခဲ့တော့တယ်” ဟုပြောသည်။
မဲဆောက်အခြေစိုက် ရခိုင်အလုပ်သမားသမဂ္ဂမှ တာဝန်ခံ ကိုထက်ခေါင် က “ မဲဆောက်မှာ တရားဝင်
လုပ်ထားတဲ့ စာအုပ်နဲ့ ဝပ်ပါမစ် လည်းရှိတယ်။ လုပ်ငန်ရှင်က ရေးပေးလိုက်တဲ့ ထောက်ခံစာ စာရွက်
လည်းပါတယ်။ ဒါပေမယ့် အလုပ်သမားတွေ ငွေမပေးရင် ဂိတ်ကို ကျော်မရဖြစ်နေတယ်။ မြန်မာသံရုံး
ကိုလည်း ကျနော်တို့ စာပို့ထားပြီး ဖြစ်တယ်” ဟုပြောသည်။
ထိုင်းနှင့်မြန်မာအစိုးရတို့သည် လွန်ခဲ့သည့် ၃ နှစ်ခန့်က( ပတ်စပို့ လုပ်ရန်အတွက်) မြန်မာအလုပ်သမား
များကို ပတ်စပို့ ရှိပါက  ထိုင်းနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်ခွင့်ရှိကြောင်း ပြောဆို
ခဲ့သော်လည်း လက်တွေ့တွင် လွတ်လပ်စွာ ခရီးသွားလာခွင့်မရဖြစ်နေသည်။
               အဆိုပါ ပတ်စပို့နှင့် ၀တ်ပါမစ် တို့မည်သည်မှာလည်း ဘတ်ငွေ တစ်သောင်းကျော် နှစ်သောင်း
နီးပါးနီးပါးကုန်ကျခံလုပ်ကိုင်ထားသော်လည်း အကာအကွယ်မရဖြစ်နေသဖြင့် အလုပ်သမားများမှာ ၂နိုင်ငံ အစိုးရတို့ကို အယုံအကြည် ကင်းမဲ့နေကြသည်။ သို့ရာတွင် မြန်မာအလုပ်သမားများမှာ ပတ်စပို့ မရှိလျှင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်မရရှိသဖြင့်  မဖြစ်မနေလုပ်နေကြရသည်ဟု အလုပ်သမားများကပြောသည်။

Saturday 16 March 2013

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၆

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၆ အား ကာလာစုံဖြင့် ဖတ်ရှုနိုင်ပါပြီ။

“ငါးဖမ်းလှေအလုပ်သမား ၁၅ ဦး အား ပူးပေါင်းအဖွဲ့များကယ်တင်”

              
၂၀၁၃ မတ်လ  ၁၆
ကိုတီး
           ထိုင်းနိုင်ငံတောင်ပိုင်း ကတန်လှေဆိပ်တွင် ၆လမှ၁နှစ်ကြာသည်အထိငါးဖမ်းလှေပေါ် တွင်  ရောင်း စားခံခဲ့ရသည့် မြန်မာအလုပ်သမား ၁၅ ဦးတို့အား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ကူညီကယ်တင်နိုင်ခဲ့သည်။
           မတ်လ ၁၀ ရက်နေ့တွင် အဆိုပါ လှေလုပ် သားများအား နယ်မြေ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့နှင့် ဒေသခံရဲတို့ကထိန်းသိမ်းထားခဲ့သော်လည်းထိုင်းအစိုးရလူကုန်ကူးမှုအထူးတိုက်ဖျက်ရေး ထောက်
လှမ်းရေးတပ်ဖွဲ့ DSI နှင့် ကူညီသူများမှာ မတ်လ ၁၅ ရက်နေ့ကမှ ကတန်ရဲစခန်းသို့ သွားရောက်ခဲ့ကြရ သည်။
       ဖမ်းဆီးသည့်နေ့တွင် ၁၄ ဦးသာရရှိခဲ့သော်လည်း ယမန်နေ့က တစ်ဦးထပ်မံလွတ်မြောက်လာခဲ့သဖြင့်
၁၅ ဦးဖြစ်သွားခြင်းဖြစ်သည်။ ငါးဖမ်းလုပ်သားများကို အခန်းထဲတွင် ထည့်ထားပြီး စောင့်နေရသည့် လူကုန် ကူးသည့်အဖွဲ့ဝင် အေးမြင့် ဆိုသူကိုပါ ဖမ်းဆီနိုင်ခဲ့သည်။
            ငါးဖမ်းလှေအမှတ်(၂၀) တွင် ၆လခန့် ရောင်းစားခံနေခဲ့ရသည့် မန္တလေးတိုင်း တောင်သာမြို့နယ်၊ ဆွမ်းလွတ်ကျေးရွာ မှ အသက်၃၃ နှစ်အရွယ် မောင်တိုး ဆိုသူသည် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ
ရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သို့  ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ဆက်သွယ်လာခဲ့သည်။
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ခက်ခက်ခဲခဲ ကျနော်
တို့စုဆောင်းရတယ်။ နေရာက မလေးနယ်စပ်ကိုရောက်သွားပြီး ဖုန်းဆက်ရတာ မကြားတချက်ကြားတချက်
နဲ့ ပင်လယ်ထဲက လူနဲ့ စကားပြောရတာ။ ရသမျှ သတင်းအချက်အလက်တွေကို ထိုင်းအစိုးရ လူကုန်ကူးမှု
အထူးထောက်လှမ်းရေးအဖွဲ့ DSI ကို ပို့တယ်။ မြန်မာအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း ရဲ့ အကူညီ
တချို့ ကိုရယူရတယ်။ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED နဲ့ညှိနှိုင်းကြတယ်”ဟုပြောသည်။
             အလုပ်သမား ၁၅ဦးအနက် ၁ဦးမှာ တစ်နှစ်ကျော်ကြာမြင့်ပြီး၊ လှေပေါ်သို့ရောက်ကာစ အလုပ် သမား ၄ဦး နှင့် ကျန်သူများမှာ ၆လခန့် တစ်ပြားမှ မရရှိပဲ အလုပ်လုပ်နေကြရသူများဖြစ်ကြသည်။
   မောင်တိုး က “ ကျနော် ဦးကျော်သောင်း ကို ဆက်သွယ်လို့ ရကတည်းက လွတ်မြောက် မယ်ဆို တာ ယုံကြည်တယ်။ ကျွန်အဖြစ် ရောင်းစားခံနေရာက လွတ်မြောက်အောင် ကယ်တင်ပေးခဲ့ကြသူတွေကို ကျနော်တို့ တစ်သက်လုံး မမေ့ပါ။ ရောင်းစားခံထားရတဲ့သူတွေ ထိုင်းပင်လယ်ထဲမှာ အများကြီးပါ” ဟု ပြော သည်။
    လိုအပ်သည့် စစ်ဆေးချက်များအား စစ်ဆေးမေးမြန်းခြင်းများ ယနေ့တွင် ပြီးစီးသဖြင့် ရက်ပိုင်းအတွင်း
ဘန်ကောက်မြို့အနီး နွန်ထဘူရီတွင်ရှိသော အစိုးရ ကယ်ဆယ်ရေး စခန်း တွင် လအနည်းငယ်နေရပြီးမှ
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရတို့က နေရပ်ရင်းသို့ ပြန်ပို့လေ့ရှိသည်။  

Friday 15 March 2013

“ပတ်စပို့တင်ပြီးပြန်လာသည့် အလုပ်သမား ဇနီးမောင်နှံပုလိပ်ဖမ်း၍ ဘတ်ငွေ ၃၀၀၀ ပေးရ”


၂၀၁၃ မတ်လ ၁၅
       မြတ်ညို(အလွတ်သတင်းထောက်)
အလုပ်သမားပတ်စပို့လုပ်ကိုင်ရန် ကုမ္ပဏီ တစ်ခုသို့ လာရောက်ခဲ့သည့်အလုပ်သမားဇနီးမောင်နှံ၂ ဦးတို့ အား မဟာချိုင်အနီး နကပထုန်မြို့မှ ထိုင်းပုလိပ် ဖမ်းဆီး၍ ဘတ်ငွေ ၃၀၀၀ ပေးချေခဲ့ရကြောင်း  အလုပ်သမားက ပြောသည်။
         ဘန်ကောက်မြို့ ဘန်ဘော်ငါးသေတ္တာရုံ အနီး တွင်ဖွင့်လှစ်ထားသော ပတ်စပို့ ကုမ္ပဏီ တစ်ခုသို့
ယာယီပတ်စပို့ လျှောက်ထားရန် လာခဲ့ကြသည့် အလုပ်သမား ဇနီးမောင်နှံနှစ်ဦး တို့မှာ မိမိတို့ လုပ်ကိုင်နေကြသည့် ဆေးဆိုးပန်းရိုက် အလုပ်ရုံ သို့ ရောက်ခါနီးတွင်ပုလိပ်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
        ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမား ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း က“ အလုပ်သမားကို ဖမ်းထားတဲ့ပုလိပ်အရာရှိကို ကျနော်ဖုန်းဆက်တယ်။ ပတ်စပို့ လုပ်ကိုင်နေစဉ် ရက်ပေါင်း ၁၂၀ အတွင်း အလုပ်သမားတွေကို ထိုင်းပုလိပ်တွေ မဖမ်းရဘူး။  ပြန်လွှတ်ပေးဖို့ ကျနော်ပြောပါတယ်။ အလုပ်သမားကိုလည်း
ခဏနေရင် လွတ်လိမ့်မယ်။ ပိုက်ဆံမပေးနဲ့ လို့ ပြောလိုက်တယ်၊ ထိုင်းပုလိပ်တွေ လုပ်ရပ်က စိတ်ပျက်
ဖို့ ကောင်းပါတယ်” ဟုပြောသည်။
    ယနေ့ ပုလိပ်ဖမ်းဆီးငွေညှစ်ခံရသည့် ကိုကျော်ခိုင် နှင့် မအေးကော် တို့ဖြစ်ကြသည်။ ၎င်းတို့သည်  ထိုင်းနိုင်ငံတောင်ပိုင်း ဖတ္တရာမြို့ ကုန်စုံပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်က ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က လုပ်ငန်းရှင်က ပိုက်ဆံခိုးယူသူအဖြစ် စွတ်စွဲခံရ၍ ထိုင်းပုလိပ် ရိုက်နှက်ခံခဲ့ရသူဖြစ်သည်။
     ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT နှင့် မြန်မာအလုပ်သမားညွှန်ကြားရေးမှူး ဦးနိုင်ထွန်း
တို့ ကူညီခေါ်ဆောင်ခဲ့ကြသဖြင့် လွတ်မြောက်လာခဲ့သည့် ဇနီးမောင်နှံဖြစ်သည်။

Wednesday 13 March 2013

“MOU နဲ့ လာသည့်အလုပ်သမားများ ထိုင်းမှာ ဒုက္ခရောက်နေ”




၂၀၁၃ မတ်လ ၁၃ ရက်
    မင်းဘခက်
                   ထိုင်းနိုင်ငံအတွင်းသို့သိန်းနှင့်ချီ၍ ရောက် ရှိနေကြ သည့်အလုပ်သမားအမြောက်အများဒုက္ခရောက်နေ  ကြကြောင်း အလုပ်သမားများကပြောသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီ ထန်မကာ မြို့နယ်၊ ပထန်းရပ်ကွက် တွင် ရှိသော Thai Foods Group Co.ltd ကြက်သား အလုပ်ရုံတွင် MOU ဖြင့်  မြန်မာအလုပ်သမား ၉၀၀ ခန့်မှာ မြန်မာဘက်မှ မည်သည့် ကုမ္ပဏီက တင်ပို့သည်ကို အလုပ်သမားများ မသိရှိကြပဲ မဲဆောက်မြို့မှ အဘိုင်ကြီး ဆိုသည့် ပွဲစား တင်ပို့ လိုက်သည်ဟုသာဆိုကြသည်။ ထိုအလုပ်သမားများအထဲမှ ပဲခူးတိုင်း ညောင်လေးပင်မြို့မှ အသက် ၂၀ အရွယ် မနီလာထွန်း သည် အဆိုပါ အလုပ်ရုံတွင် ၁ နှစ်တိတိ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။
                သူမတွင် ကိုယ်ဝန်သုံးလရှိလာသဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့သည်ဟုဆိုသည်။ သူမက“သမီး တို့ စာအုပ်ဖိုးအတွက် ဘတ်ငွေ ၁၃၀၀၀ ပေးချေပြီးဖြစ်ပါတယ်။ သမီးတို့ကို အလုပ်ထွက်စာ ပေးပါ ဆိုလည်း မပေးဘူး။ သမီး ၁ နှစ်တိတိ အလုပ်လုပ်လာခဲ့ပြီးပြီး သူတို့ထုတ်ချင်းတိုင်းထုတ်လို့ရသလား”ဟုပြောသည်။
      သူတို့ ဇနီးမောင်နှံအခြားနေရာတစ်ခုခုတွင် အလုပ်ဆက်လက်လုပ်ကိုင်ခွင့်ရရှိရေး အတွက် ထိုင်းနိုင်ငံ
ရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် မြန်မာအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း တို့က စီစဉ်
ဆောင်ရွက်လျှက်ရှိသည်။
             ၂၀၁၃ ခု ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မြန်မာဘက်က ဆွေဆွေစံကုမ္ပဏီနှင့် ထိုင်းဘက်မှ  PP Group shkhon ဆိုသည့်ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီး ဖေဖေါ်ဝါရီလ၂၇ ရက်နေ့တွင် အလုပ်သမား ၅၅ဦး ကိုထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ခဲ့သည်။ အထဲမှ အလုပ်သမား ၂၉ဦးတို့မှာ  တာ့ခ်ခရိုင်၊ ဘူထောင်လမ်းမ၊ စံစိမာလမ်းခွဲ၊ မူဘန်းစံမူကျေးရွာ အနီး ကြံခင်း ထဲသို့ ရောက်ရှိခဲ့ပါသည်။
  မြ၀တီမြို့ကျောက်လုံးကြီး စခန်းတွင် စာချုပ်ချုပ်ဆိုစဉ်က တစ်နေ့လုပ်အားခ ဘတ်ငွေ ၃၀၀ စီရမည်ဟု ပါ
ရှိခဲ့သော်လည်း ကြံခင်းသို့ရောက်ရှိသည့်အခါ တစ်နေ့ကုန်ကြံခုတ်မှ ဘတ်ငွေ ၇၀ သာရရှိကြောင်း အလုပ်သမားများက ပြောသည်။ မတ်လ ၁၁ ရက်နေ့တွင် မိမိတို့၏ အခက်အခဲများအား တင်ပြကြသည့်
 မစမ်းစမ်းမြင့်၊ ရန်ရှင်း၊ ဇေါ်မင်းနိုင်၊အောင်ကြည်မင်းတို့ ၄ဦးအား ဦးဆောင်ပြောဆိုသည်ဟု ဆိုကာ ကြံခင်းပိုင်ရှင်က မဲဆောက်တံတားထိပ်အထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ပတ်စပို့စာအုပ်များကို ကြံခင်းပိုင်ရှင် သိမ်းယူထားလိုက်ပါသည်။
ကိုရန်ရှင်း က ကျနော် ဆွေဆွေစံ ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်မြင့်  ကို  ဖုန်းဆက်ပါတယ်။ မင်းတို့ သတ္တိရှိရင် ရုံးကိုလာခဲ့လို့ လူမိုက်စကားပြောပြီး ဖုန်းချသွားပါတယ်” ဟုပြောသည်။
အလုပ်သမားတစ်ဦးစီ ကုမ္ပဏီသို့ ကျပ်ငွေ သုံးသိန်း နှစ်သောင်းစီ ပေးသွင်းခဲ့ရကြောင်းလည်း အလုပ်သမား
များက ပြောသည်။
           ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ တွင်  (မ၆ဦး ကျား ၂၇ ဦး) ပေါင်း ၃၃ ဦးတို့သည် မြ၀တီမြို့ ကျောက်လုံးကြီးတွင် မြန်မာ ကုမဏီ   ထူးသစ်ဇေ နှင့် ထိုင်းဘက်မှ CP Sea food ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ယခု ရောက်ရှိနေသည့် နေရာမှာ မဟာချိုင် နေ၀စ် စွယ်မမ လမ်း လုံပီအာ ပထစ်ဝ အလုပ်ရုံ ထိုင်းယူနီယံအအေးခန်း တွင် အလုပ်လုပ်နေကြရသည်။ (စာချုပ်ချုပ်လာသည့် ကုမ္ပဏီနှင့် အလုပ် လုပ်နေရသည့် ကုမ္ပဏီမတူ) တစ်နေ့ ကိုဘတ် ၃၀၀ ဖြင့်စာချုပ်ချုပ်လာသော် လည်း ကီလိုစား ပုဇွန်အခွံ ခွာရသဖြင့် တစ်နေ့ ဘတ် ငွေ ၃၀ နှင့် ၄၀ သာရ ရှိသည်။  နံနက် ၅နာရီမှစတင် လုပ်ကိုင်ရပြီးညနေ ၂နာရီထိ နေ့ လည် ထမင်းစားချိန် နာရီ ၀က်ပေး ပါသည်။
          အလုပ်သမား ကိုမျိုးဝေလွင် က  “ကုမ္ပဏီက  ဦးအေးမင်း ကိုကျနော်တို့ ဖုန်းဆက်ပါတယ်။ လာရှင်း
ပေးမယ်ပြောပြီး ခုထိရောက်မလာပါဘူး။ မြန်မာသံရုံးကိုဖုန်းဆက်တော့ကူညီမယ်လို့တော့ပြောတယ်။ ကျနော်တို့ စောစောထပြီး တစ်နေကုန်လုပ်တာ ဘတ် သုံးလေးဆယ်သာရတော့ စိတ်ဓါတ်ကျနေကြတယ်။
မြ၀တီဘက်က စာချုပ်ချုပ်ပေးလိုက်တဲ့ SB နဲ့ အလုပ်သမားအရာရှိတို့ကို ဖုန်းဆက်တော့လည်း ဘာမှ မထူး
ဘူး။ ခုဟာက ကျနော်တို့ကို မြန်မာအစိုးရ အာဏာပိုင်တွေက ရောင်းစားလိုက်သလိုဖြစ်နေတယ်” ဟုပြော
သည်။
အလုပ်သမားတစ်ဦးစီ အနည်းဆုံး ကျပ်ငွေ တစ်သိန်းခွဲမှ သုံးသိန်းအထိ ကုမ္ပဏီသို့ ပေးချေခဲ့ရကြောင်း အလုပ်သမားများကပြောသည်။
        ယခုပြဿနာများကို မြန်မာအလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်း ထံသို့ MAT အဖွဲ့က အချက် အလက် အပြည့်အစုံဖြင့် တင်ပြအကူ ညီေ တာင်း ခံထားကြောင်း သိရှိရသည်။
         ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATဒါရိုက်တာ ဦးကျော်သောင်းက“MOU ပြဿနာ    တွေနေ့တိုင်းတက်နေတယ်။ ကြက်သားအလုပ်ရုံ၊ V&K နာနတ်သီးစက်ရုံတွေ၊ မော်တော်ကားအလုပ်ရုံ ကြီးတွေမှာ အခက်ကြုံနေရတဲ့ MOU အလုပ်သမားတွေ အများကြီး ဖြစ်နေပါတယ်။ G to G အစိုးရ  အချင်း ချင်းဆိုတဲ့စကားရပ်တစ်ခုက ကာ ဆီးနေ   တော့ကျနော်တို့အလုပ်သမားအရေးဆောင်ရွက်တဲ့သူတွေအနေနဲ့ အတော့်ကို လုပ်ရ ကိုင်ရ ခက်ခဲပါတယ်။ မြန်မာအလုပ်သမားအရာရှိတွေက ထိုင်းအလုပ်သမားဝန်ကြီးဌာန ပုံစံလိုက်ပြီး ပြဿနာ တစ်ခုခုဖြစ်လာရင်နယ်စပ်ပြန်ပို့ဖို့ပဲတိုက်တွန်းတယ်။ မြန်မာအလုပ်သမားတစ်ယောက်နယ်စပ်ကို ပြန်
 ရောက်သွားတာ လူကုန်ကူးမှုဖြစ်ဖို့အတွက် သေချာသွားပါတယ်။ ထိုင်းနိုင်ငံအတွင်း မှာ ဘယ်လိုအကောင်း ဆုံး ဖြေရှင်းမလဲ ဆိုတဲ့ ပုံစံမျိုး စဉ်းစားတာ မတွေ့ ရသေး တာ ကိုတော့ ကျနော် အားမရဘူး”ဟုပြောသည်။
             ထိုင်းနှင့် မြန်မာ  နှစ်နိုင်ငံအစိုးရတို့ သဘောတူညီချက်ဖြင့် အလုပ်သမား တင်သွင်းသည့် MOU
ကာလမှာ ၂နှစ်ကျော်လာခဲ့ပြီးဖြစ်သော်လည်း အလုပ်ရှင်နှင့် အလုပ်သမား စာချုပ်ပြီးဆုံးသည်အထိ
ကောင်းမွန်စွာ အလုပ်လုပ်ကိုင်နေခဲ့သည့် လုပ်သားကောင်းများအတွက် ထပ်မံအလုပ်လုပ်ကိုင်ခွင့် နှင့်
လွတ်လပ်သည့် တရားဝင်အလုပ်သမားဖြစ်ခွင့်အတွက် ယနေ့တိုင် တစ်စုံတစ်ခု ကြေညာခြင်းမရှိသေး
ပေ။ MOU ဖြင့် ထိုင်းနိုင်ငံအတွင်း သို့လာရောက် အလုပ်လုပ်ကိုင်ကြမည့်  အလုပ်သမားများအား ကျပ်ငွေ
တစ်သိန်းထက်ပို၍ ကောက်ခံခြင်း မပြုရဟု မြန်မာအစိုးရက တရားဝင်ကြေညာထားသော်လည်း မလိုက်နာ
သည့် ကုမ္ပဏီများကို မူ မြန်မာအစိုးရက ယနေ့အထိ အရေးယူမှုတစ်စုံတရာမရှိသေးပေ။

Monday 4 March 2013

“အလုပ်သမားအရေးဆောင်ရွက်သူ၂ဦးအားထိုင်းရဲက ၄၅မိနစ်နေပူလှမ်း”

                      
၂၀၁၃ မတ်လ၎
မြတ်ညို(အလွတ်သတင်းထောက်)
          ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှ မြန် မာပြည်သားရေးပူးတွဲလှုပ်ရှား မှုကော်မတီဥက္ကဌ ဦးမိုးကြိုး နှင့် ကိုဇေါ်လေးဆိုသူ နှစ်ဦးတို့အား မဲဆောက်ရဲများက ချစ်ကြည်ရေးတံတားထိပ်တွင် ၄၅ မိနစ်ကြာ နေပူလှမ်းခံခဲ့ရကြောင်း ကာယကံရှင် များက ပြောသည်။
   မတ်လ ၁ ရက်နေ့က ၎င်းတို့ဟာ မဲဆောက်မြို့က အက်စ်ဒီဖက်ရှင်စက်ရုံ (အရပ်အခေါ်- ချန်ပီယံ စက်ရုံ) မှ မြန်မာအလုပ်သမား ၅၂၁ ဦးတို့၏  ယာယီပတ်စပို့လျှောက်ထားမည့် စာရွက် စာတမ်း များ ကိုယူဆောင်၍ မြန်မာသံရုံးကိုပို့ရန် မဲဆောက်မြို့ ထိုင်း- မြန်မာချစ်ကြည်ရေးတံတားအနီးက One Stop Service ရုံးသို့ သွားကြစဉ် မဲဆောက်ရဲက စစ်ဆေးခဲ့သည်။
ဦးမိုးကြိုးတွင် လူမှာရော၊ စီးလာသည့် ဆိုင်ကယ်မှာပါ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံ ရှိရုံမက ထိုင်းဥပဒေဆိုင်ရာ ရှေ့နေအထောက်အကူပြုကွန်ယက် (LLC) ကွန်ယက်အဖွဲ့ဝင် ကတ်ပြား လည်းပါသည်။
စစ်ဆေးသူ ထိုင်းရဲ ကို အင်္ဂလိပ်လို ရော၊ ထိုင်းလိုပါ ညှပ်ပြီးရှင်းပြသော်လည်း မွန်လွဲ (၂) နာရီမှ  (၂း၄၅) နာရီအထိ နေပူပူတွင် မတ်တပ်ရပ်နေစေခဲ့သည်။
ဦးမိုးကြိုး က“တာ့ခ်ခရိုင်အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်)ကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ်။ အဲဒီက ကျနော်တို့ ကိုဖမ်းထားတဲ့ပုလိပ်နဲ့ စကားပြောတော့မှ လွှတ်ပေးပါတယ်၊ အဲဒီ ၄၅ မိနစ်ရပ်ခိုင်းထားချိန်မှာ ထိုင်းရဲ ၆ ဦးရဲ့ ယာယီပတ်စ်ပို့လျှောက်ထားဆဲ (ပြေစာဖြတ်ပိုင်း)တွေကိုပြတဲ့ မြန်မာအလုပ်သမား အချို့နဲ့အငှားဆိုင်ကယ်စီးလာတဲ့ မြန်မာအလုပ်သမား အချို့ဆီကနေ ပိုက်ဆံတောင်းတယ်။”ဟုပြောသည်။
အင်ဂျီအိုများနှင့် ထိုင်းသမဂ္ဂများသို့ တင်ပြနိုင်ရန် ရိုက်ကူးထားသည့် ဓါတ်ပုံများကို မဲဆောက်ပုလိပ်များက
ဖျက်ဆီးလိုက်ကြောင်း ဦးမိုးကြိုး ကပြောသည်။

Friday 1 March 2013

ချအမ် အပန်းဖြေစခန်း ငါးဖမ်းလှေတွင် ရောင်းစားခံထားရသူများအားကယ်ထုတ်


“ငါးဖမ်းစက်လှေတွင်ရောင်းစားခံထားရသူအချို့အား ပူးပေါင်းအဖွဲ့ကကယ်ထုတ်”



၂၀၁၃ ခု မတ်လ ၁ ရက်
ကိုတီး
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၂၃ခန့် အကွာတွင် ရှိသော ပင်လယ်အပန်းဖြေ  ချအမ်မြို့ရှိချိုစလီနာဝါ (3175 01141) ၂စီတွဲ ငါးဖမ်းလှေ တွင် ရောင်းစားခံထားရ သည့် မြန်မာ အလုပ်သမား အချို့တို့ကို ပူးပေါင်း အဖွဲ့တို့က ကယ်ထုတ်နိုင်ခဲ့သည်။
           အလုပ်သမား ၁၄ ဦးအနက် ၅ဦးမှာ မိမိသဘောဖြင့် အလုပ်လုပ်နေကြသူများဖြစ်ပြီး ကျန်၉ဦးတို့မှာ ရောင်းစားခံထားရသူများဖြစ်ကြသည်။ ၎င်းတို့သည် ငါးဖမ်းလှေပေါ်တွင် အနည်း ဆုံး လေးလမှ ၉လအတွင်း အလုပ်လုပ်နေကြရသည့် အလုပ်သမားများဖြစ်ကြသည်။
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ချင်းငုတ်အုပ်စု ရေဖြူကျေးရွာမှ အသက် ၃၅ နှစ်
အရွယ် ကိုမင်းမင်း ဆိုသူသည် ရန်ကုန်မြို့တွင် နိုင်ငံကူးလက်မှတ်လုပ်ထားပြီးမှ ပြည်ပကိုအလုပ်လုပ်
ရန် အတွက် ထွက်ခွာရန် စောင့်နေစဉ် မိမိတို့ရွာတွင် အိမ်ထောင်ကျနေသည့် မွန်ပြည်နယ်၊ရေးမြို့နယ်၊ နင်းစုံကျေးရွာမှ မနောင်ရိုး ဖြင့် အဆက်အသွယ်ပြုခဲ့သည်။ တရွာတည်းသားများဖြစ်ကြသော ကိုမင်းမင်း၊
ရန်ပိုင်နှင့် စိုးခိုင်တို့ အား မနောင်ရိုး ၏ မိခင် ဒေါ်သန်းဝေ မှတစ်ဆင့် ဘုရားသုံးဆူမြို့ကြံတောရပ်ကွက်မှ
မ၀င်းဆိုသည့် ပွဲစားအမျိုးသမီး ထံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုမင်းမင်း ကပြောသည်။
ကိုမင်းမင်း က“ ကျနော် နိုင်ငံခြားသွားဖို့ ပတ်စပို့လုပ်လိုက်တာ အကြွေးတင်သွားတယ်။ မိဘတွေစကား
နားမထောင်ခဲ့ဘူး။ စိတ်စောပြီးတော့ ပွဲစားနဲ့ ဆက်သွယ်လိုက်တာ။ ပွဲစားပြောတာကိုယုံပြီး လိုက်လာလိုက်
တာ လှေပေါ်ရောက်မှ ရောင်းစားခံရမှန်းသိတော့တယ်။ ကျနော် ထွက်ပြေးမယ်လုပ်လို့ ကျနော့်ကို ပိုက်
ဆရာက ခြေထောက်ကို သံကြိုးနဲ့ တစ်ခါ သော့ခပ်ထားခဲ့တယ်။ အခြားလူတွေက အရက်သောက်လိုက်
စိတ်ကြွဆေးရှုလိုက်နဲ့ ပျော်နေကြပေမယ့် ကျနော်က အရက်လည်းမသောက် သူတို့လိုလည်း မလုပ်တော့
ကျနော့်ကို အမြဲ စောင့်ကြည့်နေကြတယ်” ဟုပြောသည်။
ယခုအလုပ်သမားများအား သွားရောက် ကယ်ထုတ်ခဲ့သည့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့  MAT ဒါရိုက်တာ ဦးကျော်သောင်း က “ ကျနော့်ကို ကိုမင်းမင်း ကအယင် လ
ကတည်းက ဆက်သွယ်အကူညီတောင်းခံထားပါတယ်။ ရရှိတဲ့သတင်းအချက်အလက်တွေကို ကျနော်တို့
ပူးပေါင်းဆောင်ရွက်ကြတဲ့ အဖွဲ့တွေဖြစ်တဲ့  UNIAP,DSIပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နဲ့ ဘန်ကောက် မြန်မာသံရုံးက အလုပ်သမားညွှန်ကြားရေးမှူး ဦးနိုင်ထွန်း တို့ကို တင်ပြတယ်။ အကူညီ
တောင်းခံခဲ့တယ်။ အယင် လှေဝင်လာတဲ့အပတ်မှာ ထိုင်းဘက် အခြမ်းက အဆင်သင့်မဖြစ်သေး တာကြောင့် ကျနော်တို့ မကယ်တင်နိုင်ခဲ့ဘူး။ မနေ့က မနက် ၉နာရီလောက်မှာ ကိုမင်းမင်းက သူတို့  သတ်မှတ်ရက်ထက် ကြိုဝင်လာတယ်လို့ လှမ်းပြောတော့ ကျနော်တို့ DSI နဲ့ ဦးနိုင်ထွန်း တို့ ကူညီပံ့ပိုး မှုနဲ့  အချိန်မီ သွားရောက် ကယ်တင်နိုင်ခဲ့ပါတယ်” ဟုပြောသည်။
          ပတ်စပို့နှင့် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ဘတ်ရှိသည့် အလုပ်သမား ၅ဦး တို့မှာ ၎င်းလှေတွင် ဆက်
လက်အလုပ်နေကြဦးမည်သည်။ ကျန်အလုပ်သမားများမှာ လူကုန်ကူးခံရသူများကို စောင့်ရှောက်ထားသည့်
ပထုန်ဌာနီ ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်မည်ဖြစ်ပြီး  မွန်အမျိုးသားပဲနင်းနှင့်ပိုက်ဆရာတို့ကို မူ လူကုန်ကူးမှုတိုက်ဖျက်ရေး ဌာနသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ချအမ် ရဲစခန်းရဲအရာရှိကြီးက ပြောသည်။
ယခု ကယ်တင်မှုမှာ MAT အဖွဲ့၏ ၂၀၁၃ နှစ်အတွက် ဒုတိယမြောက် လူကုန်ကူးမှုဖြစ်ကြောင်းသိရှိရသည်။