Monday 13 February 2012

ကျနော်မျိုးတော့ဖြင့် မနိုင်ပါပြီ

ခေတ်ဟောင်း အလွမ်းသီချင်းတစ်ပုဒ်က စာသားလေးကို ရွေးလိုက်တာပါ။
ဒီနေ့ ကျနော့်ကို ဘန်ကောက်မြို့အနီး မဟာချိုင်က အလုပ်သမားတစ်ယောက် ဖုန်းဆက်လာပါတယ်။ သူ့ညီမ ဖြစ်သူ မနေ့ ညနေက  မဟာချိုင် လေးထပ်ရဲစခန်းက ထိုင်းဘာသာပြန် မွန်ဗမာ တစ်ယောက် က အဓမ္မပြုကျင့် ခံရလို့ ပါတဲ့။
အဓမ္မ ပြုကျင့်ခံရတဲ့ မဖြူ ဆိုတဲ့ မိန်းကလေး နဲ့ ကျနော် လွတ်လွတ်လပ်လပ် စကားပြောဖြစ်ပါတယ်။ အသက် ၁၈နှစ်ထဲ ၀င်ခါစ အပျိုစင်ကလေး။ မနေ့ ညနေ က သူ့ သူငယ်ချင်း တစ်ယောက်နဲ့ ဟင်းချက်စရာ ထွက်ဝယ်
တော့ မဟာချိုင်လေးထပ် ပုလိပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဖေါ်သူငယ်ချင်း ကိုတော့ မိသားစုက
ဘတ် ၃၀၀၀ နဲ့ လာရွေး ထုတ်သွားခဲ့တယ်။
အချုပ်ခန်းထဲကို ရောက်သွားခဲ့တဲ့ မဖြူမှာ အစ်ကို တွေရှိပေမယ့် ရုတ်တရက် ဆက်သွယ်မရ ဖြစ်နေတယ်။ အဲဒီအခါ ပုလိပ်ရဲ့ ဘာသာပြန်အမည်မသိ မြန်မာနိုင်ငံသား တစ်ဦးက မဖြူကို တစ်ညတာ ဇနီးမယားအဖြစ် နေခွင့်ရပါက ပြန်လွှတ်ပေးမယ်လို့ ပြောဆို စည်းရုံးပါတယ်။ သူမက ငြင်းဆန်ပေမယ့် တည်ခိုးခန်းတစ်ခုကို ခေါ်သွားပြီးတော့ အဓမ္မပြုကျင့် လိုက်ပါတယ်။ ညဥ့် ၁နာရီလောက်မှာ တက္ကစီင်္နဲ့ အစ်ကိုတွေ ရှိရာကို တင် ပေးလိုက်ပါတယ်။
မဖြူမှာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အ၀တ်အထည်တွေ မလျှော်မဖွတ်သေးပဲ ရှိပါသေးတယ်။ ကျနော်က  သူမ  ကို
 မလိုလားအပ်တဲ့ ကိုယ်ဝန် မရရှိအောင်နဲ့ မဖြစ်သင့်တဲ့ ရောဂါဘယတွေ အတွက် ကာကွယ်ဆေး တွေ
ထိုးနှံနိုင်အောင် စီစဉ်ပေးနိုင်ကြောင်း စိုးရိမ်စရာမရှိကြောင်း အားပေးစကားတွေ နွေးနွေး ထွေးထွေး ပြောပြပါ
တယ်။  သူမ မှာ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် ဘာမှ မရှိကြောင်း သိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေ အကြောင်းအရာကို လက်တွေ့ ဥပမာနဲ့ ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၆  ၀န်းကျင်ကဖြစ်ပါတယ်။ ဘန်ကောက်မြို့အရှေ့ ဘက် ကီလိုမီတာ ၇၅ အကွာ မှာရှိတဲ့ ချာချင်
ဆောင် အရပ်မှာ အိမ်ဖေါ်အလုပ်လုပ်တဲ့ ၁၆ နှစ်အရွယ် ကရင် အမျိုးသမီး ငယ်တစ်ဦးဟာ ဘန်ကောက်မှာရှိတဲ့
သူ့အစ်ကို အရင်းဆီကို တက္ကစီ နဲ့ လာပါတယ်။ ကားသမားက တည်းခိုခန်းကို ခေါ်ဆောင်သွားပြီး တစ်ညတာ
အဓမ္မပြုကျင့်ပါတယ်။ ကရင်မလေး ခမျာ ဘယ်မှ မသွားတတ် တာကြောင့် တည်းခိုခန်းက နေ ပုလိပ်ကို ခေါ်
လိုက်လို့ ရဲစခန်းကို ရောက်သွားပါတယ်။
သူမရဲ့  အစ်ကိုနဲ့ ဦးလေး တော်စပ်သူတို့က အကူအညီ တောင်းလာခဲ့တာကြောင့် ကျနော် တို့ သွားရောက်ပြီး တော့ အကူအညီ ပေးခဲ့ပါတယ်။ ရုံးချိန်းတိုင်း ကျနော်တို့ သွားခဲ့ပါတယ်။
ကရင်မလေးဟာ ၆လတိုင်တိုင် နွန်ထဘူရီ ရေလယ်ကျွန်း မှာ နေခဲ့ရပြီး မိဘများ နေထိုင်ရာ ကရင်တောရွာကို
ပြန်ပို့ခံခဲ့ရပါတယ်။ မည်သို့သော နစ်နာကြေးမှ ရရှိမသွားခဲ့ပါ။ အဓမ္မပြုကျင့်သူ ထောင်ကျ မကျလည်း ကျနော် တို့ သိခွင့်မရရှိခဲ့ပါ။ အဓမ္မပြုကျင့်ခံရတဲ့ အရွယ်မရောက် သေးတဲ့ ကလေးငယ် တစ်ယောက်အတွက် အလွန်ပဲ နစ်နာလှပါတယ်။ ကျနော်တို့လည်း စရိတ်အတော် ကုန်ခဲ့ပါတယ်။ ဒီအကြောင်းအရာကို ကျနော် မဖြူတို့  မောင်နှမ နှစ်ဦးလုံကို ရှင်းပြခဲ့ပါတယ်။
မဟာချိုင်က  ပုလိပ်အချို့ဟာ စာရွက်စာတမ်းမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေထဲက ရုပ်ရည်ချောမောသူ
နဲ့ ငယ်ရွယ်သူ အချို့တို့ ကို ဖမ်းဆီးခေါ်ဆောင်လာပြီး အဓမ္မပြုကျင့်တာတွေကို ကိုယ်တိုင်ကြုံလာ အချို့ပြော
ပြလို့  ကြားဖူးပါတယ်။ အလားတူ မဟာချိုင် ပုလိပ်တွေမှာ သတင်းပေး မွေးထားတဲ့ မွန်ဗမာတွေ က လည်း ဒီလို ပြုကျင့်တာတွေကို ကျနော်တို့ သိရှိရပါတယ်။
ဒါပေမယ့် ဥပဒေကြောင်းအရ အရေးယူဖို့ အတွက်  အဓမ္မပြုကျင့်ခံရတဲ့ မြန်မာအလုပ်သမ လေးတွေအတွက်
တရားဝင်နေထိုင် ခွင့်စာရွက်စာတမ်း တစ်စုံတစ်ခု မရှိတာကြောင့်၊ အမှုဖွင့် တိုင်ကြားလိုက်တာနဲ့ တပြိုင်နက်
အမျိုးသမီး ကယ်ဆယ်ရေး စခန်းလို့ အမည်ခံထားတဲ့ ရေလယ်ကျွန်းက အကျဉ်းထောင်တစ်မျိုးထဲမှာ နေ
ရတော့မှာဖြစ်ပါတယ်။
မြန်မာလူမျိုး ပါးစပ်နဲ့ အဆင်မပြေတဲ့ အစားအစာကိုစား အသွင်မတူတဲ့ လူမျိုးခြားတွေနဲ့ လပေါင်းများစွာ
နေရမယ့် ဒုက္ခဘေးက အဓမ္မပြုကျင့် ခံရတာထက် ဆိုးဝါးတယ်လို့ ချာချင်ဆောင် က  ကရင်မလေးက ပြော
ပြခဲ့ဖူးပါတယ်။
**ကျော်သောင်း**
၂၀၁၂ ခု ဖေဖေါ်ဝါရီ ၁၂

No comments:

Post a Comment